The Wind Will Carry Us (1999)

The Wind Will Carry Us (1999)

Dir. Abbas Kiarostami  
Starring: Behzad Dorani
Cinematography: Mahmoud Kalari

ဇာတ်ကားမှာ ဘာဆက်ဖြစ်မလဲလို့စောင့်ကြည့်နေတဲ့အချိန်မှာ တစ်ကယ်တော့ ဘာမှဖြစ်မလာခဲ့ဘူး။

ဘာမှမဖြစ်ခဲ့ခြင်းကပဲThe Wind Will Carry Us ဇာတ်ကားရဲ့အနှစ်သာရတစ်ခုဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်လောက်က ဒီဇာတ်ကားကိုစကြည့်ဖူးခဲ့ပေမဲ့ ယခုဒုတိယအကြိမ်ပြန်ကြည့်ဖြစ်တဲ့အခါမှ ဇာတ်ကားရဲ့အဓိပ္ပာယ်နဲ့အကြောင်းအရာကို ပိုနားလည်လာခဲ့မိတယ်။

ဇာတ်ကားတစ်ကားလုံးဟာ ပုံရိပ်ကားခြပ်တွေနဲ့စကားပြောတွေနဲ့ဖွဲ့စည်းထားတယ်။ ဇာတ်ကားအဖွင့်မှာလည်း ဖုန်တွေထနေပြီး အကွေ့အကောက်တွေများလွန်းတဲ့ တောလမ်းမတစ်ခုပေါ်မှာ လှုပ်ချီလှုပ်ချီနဲ့တရွေ့ရွေ့သွားနေတဲ့ ကားတစ်စင်းကို ခပ်လှမ်းလှမ်းကနေ ပြသထားတယ်။ နောက်တော့ ကားထဲက လူ ၃(သို့မဟုတ်) ၄ ယောက်ရဲ့စကားပြောသံတွေကို ကျွန်တော်တို့စကြားရတယ်။ ထိုလူတွေပြောနေကြတာက သူတို့သွားနေတဲ့ရွာကို ရောက်မဲ့လမ်းနဲ့ပတ်သက်ပြီး ငြင်းခုန်နေကြတာ။ အတော်ကြာတဲ့အထိ သူတိုက ဘယ်သူတွေလည်း ဆိုတာ ကျွန်တော်တို့မသိရသေးဘူး။ သူတို့ဒီရွာလေးကိုလည်း ဘာရည်ရွယ်ချက်နဲ့လာရောက်တာလည်း ဆိုတာကိုလည်း ကျွန်တော်တို့စဉ်းစားနေရတုန်းပဲ။ ဒါပေမဲ့ ရိုးသားတဲ့ရည်ရွယ်ချက်တစ်ခုတော့ မဟုတ်ဘူးဆိုတာ သူတို့ပြောတဲ့ စကားတွေကနေ ရိပ်မိနိုင်တယ်။ သူတို့သွားနေတဲ့ ရွာလေးက မြိ ုတော် Tehran ကနေ 700km လောက်ဝေးတဲ့ Kurdistan နယ်က တောင်ပေါ်ရွာလေးတစ်ရွာ။

ထိုရွာလေးကိုရောက်တော့ ထိုအဖွဲ့ရဲ့ခေါင်းဆောင်လို့ယူဆရတဲ့လူတစ်ယောက်က ထိုရွာက ကလေးတစ်ယောက်နဲ့မိတ်ဆွေတွေဖြစ်သွားတယ်။ ထိုကလေးကနေတစ်ဆင့် ရွာရဲ့သတင်းအချက်အလက်များစွာကိုလည်း သူတို့ရနေတယ်။ ထိုကလေးကပဲ သူတို့ရဲ့Guide လေး ဖြစ်လာတယ်။ ရွာက ရွာသူရွာသားတွေကတော့ သူတို့ကို Tehran မြို့တော်ကြီးက လာတဲ့ မြို့သား အင်ဂျင်နီယာတွေလို့သိထားကြတယ်။ ရွာက အရိုးခံလူတွေဆိုတော့လည်း သူတို့လိမ်တာကို ယုံကြည်ကြတယ်။ ဒီရွာလေးမှာ အသက်အတော်လေးကြီးရင့်နေတဲ့ အဖွားအိုတစ်ယောက်ရှိတယ်။ ထိုအဖွားအိုက နာမကျန်းဖြစ်ပြီး နေ့လားညလားမသိ ဆုံးပါးတော့မယ်ဆိုတာ နာမည်ကြီးနေတယ်။ အမှန်တော့ သူတို့တွေက ထိုအဖွားကြီးသေရင် ချမဲ့ ဒေသခံရိုးရာအသုဘအခမ်းအနားကို မှတ်တမ်းတင်ဖို့ရောက်လာကြတဲ့ လူတွေ။ ဒါက ကျွန်တော့်ခန့်မှန်းချက်။ ဝေဖန်ရေးဆရာအများစုလည်း အလားတူခန့်မှန်းချက်နဲ့ထင်ကြေးပေးကြတယ်။ တစ်ခုပဲ။ သူတို့ဟာfilmmakers တွေလား၊ journalists တွေလား ဆိုတာကိုတော့ အတိအကျဘယ်သူမှ မပြောနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်တော်ကြားဖူးတာ Iran နိုင်ငံမှာ အသုဘက လူသေပြီး ချက်ချင်းချရတာတဲ့။ ဒါကြောင့်လည်း ထိုအဖွားကြီးသေတာနဲ့တစ်ခါတည်းချမဲ့ အသုဘကို အဆင်သင့် မှတ်တမ်းတင် ရိုက်ကူးဖို့လာစောင့်နေကြတာ။ ဒါပေမဲ့ ဇာတ်ကားတစ်ကားလုံးမှာ camera လေးတစ်လုံးကလွဲပြီး တစ်ခြားရိုက်ကူးရေး ပစ္စည်းကိရိယာတွေကို ကျွန်တော်တို့မတွေ့ခဲ့ရဘူး။

သူတို့ဒီရွာလေးကို လာရောက်ရတဲ့ ရည်ရွယ်ချက်က အောင်မြင်လား၊ မအောင်မြင်လားတော့ မသေချာဘူး။ ဒါပေမဲ့ထိုခရီးသည်တွေထဲက ခေါင်းဆောင်လို့ယူဆရတဲ့လူကတော့ ရွာကလူတစ်ချို့နဲ့သိကျွမ်းဝင်လာတယ်။ ပထမတစ်ယောက်က တော့ စောစောက ပြောတဲ့ ကလေးလေးတစ်ယောက်။ ထိုကလေးကလည်း စာကိုအတော်ကြိုးစားပုံရတယ်။ သူနဲ့စကားပြောတိုင်း သူစာလုပ်ရမှာ၊ ကျောင်းနောက်ကျမှာ အစရှိတဲ့ စိုးရိမ်မှစကားတွေ အမြဲကြားရတယ်။ နောက်တစ်ယောက်က ရွာမှာလက်ဖက်ရည်ဆိုင်လေးဖွင့်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်။ သူမကတော့ သူမအနားက မြင်သမျှအရာအားလုံးနီးပါးကို အပြစ်ပြောနေတဲ့သူ။ ဒါပေမဲ့ သူမ ပြောနေတဲ့အကြောင်းအရာတွေနဲ့အမြင်တွေကလည်း အကုန်လုံးအမှန်တွေချည်းပဲ။ ဇာတ်ကားထဲက အဓိကဇာတ်ကောင်က အမျိုးသမီးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ အခုလို အလုပ်လုပ်တဲ့အကြောင်း ပြောတော့ ထိုအမျိုးသမီးက သူ့ကိုလည်း ဝေဖန်ပြောဆိုခဲ့တယ်။ နောက်တော့ သူမရဲ့ဆိုင်ရှေ့မှာ ကားလာရပ်တဲ့ ကားသမားတစ်ယောက်ကိုလည်း သူမဆိုင်ရှေ့မှာ လေထုညစ်ညမ်းမှုတွေဖြစ်မှာစိုးလို့နေရာရွေ့ရပ်ခိုင်းပြန်တယ်။ ပြောရမယ်ဆိုရင် အသက်အရွယ်ရနေတဲ့ တောမှာနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပေမဲ့ သူမရဲ့အတွေးအခေါ်တွေဟာ မနိမ့်ပါဘူးဆိုတာ ကျွန်တော်တို့သတိထားမိခဲ့ရတယ်။

နောက်တစ်ယောက်ကတော့ ၁၀ ယောက်မြောက်ကလေးကို မွေးလိုက်တဲ့ အသက်အရွယ်အလယ်အလတ်အမျိုးသမီးတစ်ယောက်။ မနက်က သူနဲ့စကားပြောတုန်းက ဗိုက်ကြီးနဲ့။ ညနေပြန်တွေ့တော့ ဗိုက်မရှိတော့ပဲ အလုပ်ပြန်လုပ်နေလို့သူကတောင် ညီအစ်မတွေလားလို့မှားထင်ပြီးမေးခဲ့သေးတယ်။ ဒါပေမဲ့ ထိုအမျိုးသမီးက နေ့ခင်းကလေးတင် ကလေးမွေးပြီး အခုညနေမှာ အလုပ်ပြန်ဝင်နေတာ။ ဒါတောင် သူ့ရဲ့၁၀ ယောက်မြောက်ကလေးကို မွေးဖွားခဲ့တာ။

နောက်တစ်ယောက်က စောစောကပြောခဲ့တဲ့ ရွာကလမ်းညွှန်ကလေးလေးလို့ကျွန်တော်ပြောတဲ့ ကလေးရဲ့ကျောင်းဆရာ။ ဇာတ်ကားရဲ့အဓိကဇာတ်ကောင်နဲ့ထိုကျောင်းဆရာပြောတဲ့ စကားတွေအရ သူတို့ထိုရွာလေးမှာ ကျင်းပတဲ့ အသုဘပွဲတွေနဲ့ရွာနားမှာ သောင်းကျန်းတဲ့ စစ်သူပုန်တွေအကြောင်းကို ကျွန်တော်တို့နားထောင်ခဲ့ရတယ်။

နောက်ဆုံးတစ်ယောက်ကတော့ အသက် ၁၆ နှစ်လောက်ပဲ ရှိအုံးမဲ့ ကလေးမလေး။ ထိုကလေးမလေးက နွားတစ်ကောင်ကို မွေးထားတဲ့ ဂူလေးထဲမှာ နို့ညှစ်ရတဲ့ အလုပ်ကို လုပ်နေရတာ။ သူမကေ ကျောင်းမနေရတော့ဘူး။ ကြည့်ရတာ နေ့တိုင်း ဒီမှောင်မဲနေတဲ့ ဂူလေးထဲမှာပဲ သူမရဲ့ငယ်ရွယ်တဲ့ဘဝကို ဖြတ်သန်းရတော့မယ်။ သူမ တစ်ဘဝလုံးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ သူမရဲ့မျက်နှာကိုတော့ သူ မမြင်ခဲ့ရသလို ကျွန်တော်တို့လည်း မတွေ့ခဲ့ရဘူး။ ထိုကလေးမလေး နွားနို့ညှစ်နေတဲ့အခန်းမှာ သူရွတ်ခဲ့တဲ့ ကဗျာလေးက “The Wind Will Carry Us” ပဲ။ နောက်ဆက်ပြောခဲ့တဲ့ စကားတစ်ခွန်းက ကဗျာတစ်ပိုဒ်ကို ရေးဖို့ဘွဲ့ရပညာတတ်ဖြစ်စရာ မလိုဘူး။ ခံစားတတ် ရေးတတ်လို့ပါရမီရှိရင် ရပြီ တဲ့။ The Wind Will Carry Us က ဇာတ်ကားရဲ့နာမည်ဖြစ်လာခဲ့တယ်။ အစကတော့ ဒီဇာတ်ကားကို Strawberry Fields လို့သူတို့နာမည်ပေးခဲ့ကြတာ။

ဇာတ်လမ်းအရ သူတို့ဟာ ထိုရွာလေးမှာ သောင်တင်နေတာ ခန့်မှန်းခဲ့တဲ့အချိန်ကာလထက် ပိုကြာလာတယ်။ သေမယ်လို့ထင်ထားတဲ့ အဖွားကြီးကလည်း နေပြန်ကောင်းလာလိုလိုနဲ့အခုထိ မဆုံးပါးသေးဘူး။ ဒီမှာတင် ထိုဧည့်သည်လူတစ်စုအတွက် စိတ်ပျက်စရာတွေဖြစ်လာတယ်။ မြို့က အလုပ်ရှင်ကလည်း သူ့ကို မကြာမကြာဖုန်းတွေ လှမ်းလှမ်းခေါ်ပြီး သတင်းနဲ့အခြေအနေတွေ မေးမေးနေတာ မကြာခဏပဲ။ လူတစ်ယောက်သေတာကို ထိုင်စောင့်ရတဲ့ အလုပ်က တစ်ကယ်တော့ အတော်လေး မသက်သာလှဘူး။ ထိုအဖွားကြီး မသေမချင်း သူကရွာကမပြန်ဖို့ဆုံးဖြတ်ထားတဲ့ပုံပဲ။  ဖြစ်ချင်တော့ တောရွာလေးဖြစ်တာကြောင့် ထိုခေတ်က လက်ကိုင်ဖုန်းတွေက နေရာအနှံ့မှာ ဆက်သွယ်လို့မရနိုင်သေးဘူး။ ဖုန်းဝင်လာပြီဆိုရင် သူ့ရဲ့ကားကိုအမြန်မောင်းပြီး ရွာသင်္ချုင်းရှိတဲ့ တောင်ပေါ်တက်ပြောရတယ်။ ဒါကြောင့် သူ့ကို ရွာသားတွေတွေ့လိုက်ရင် ဖုန်းကြီးတစ်လုံးကိုကိုင်ပြီး ကားကြီးမောင်းပြီး လျှောက်သွားနေတာပဲ မြင်ရတယ်။ ဒီလိုနဲ့သူကိုယ်တိုင်ကလည်း ဒီရွာလေးကလူတွေနဲ့မိတ်ဆွေတွေ ဖြစ်လာပြီး ရွာလေးနဲ့ရွာသားတွေရဲ့နေ့စဉ်ဘဝတွေကို ခံစားပြီး အချိန်တွေ ဖြုန်းလာတော့တယ်။ သေခြင်း ရှင်ခြင်းအစရှိတဲ့အရာတွေဟာ ထိန်းချုပ်လို့လည်း မရသလို ဖန်တီးလို့လည်း မရဘူးဆိုတာ သူနားလည်လာသလို ကျွန်တော်တို့လည်း နားလည်လာတယ်။ တစ်ချို့အရာတွေဟာ ခန့်မှန်းတိုင်း၊ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။

သူ ထိုရွာသင်္ချုင်းပေါ်က တောင်ပေါ်ကို ဖုန်းတက်ပြောတိုင်း သူ လူတစ်ယောက်နဲ့အမြဲလိုလို တွေ့ဖြစ်တယ်။ ထိုလူက တောင်ကမူလေးဘေးနားမှာ ကျွင်းတူးနေတဲ့သူ။ ထိုလူပြောပုံအရဆိုရင် ထိုရွာသားကလည်း ရွာရဲ့ဆက်သွယ်ရေး telecommunication project အတွက် ကျွင်းတူးနေတာ။ ဇာတ်ကားပြီးဆုံးသွားတဲ့အထိ ပိတ်ကားပေါ်မှာ ကျွန်တော်တို့မတွေ့ခဲ့ရတဲ့သူတွေ ရှိတယ်။ အခု ကျွင်းတူးနေတဲ့သူရဲ့မျက်နှာကိုလည်း ဇာတ်ကားဆုံးသွားတဲ့အထိ ကျွန်တော်တို့မတွေ့ခဲ့ရဘူး။ အဓိကဇာတ်ကောင်က အပေါ်ကနေ အောက်ကိုငုံ့ကြည့်ပြီး ထိုရွာသားနဲ့စကားပြောနေတာပဲ ကျွန်တော်တို့သိခဲ့ရတယ်။ ဒါက ဒီဇာတ်ကားရဲ့အထူးခြားဆုံးအချက်တစ်ခုပဲ။ ဇာတ်ကားထဲမှာ ပါဝင်ပြီး ဇာတ်ကားဆုံးတဲ့အထိ ကျွန်တော်တို့မတွေ့ခဲ့ရတဲ့ နောက်ထပ်ဇာတ်ကောင်တွေက အဓိကဇာတ်ကောင်နဲ့အတူပါလာတဲ့ လူ ၃ (သို့) ၄ ယောက်။ ထိုလူတွေကို ကျွန်တော်တို့လုံးဝမတွေ့ခဲ့ရဘူး။ သူတို့ဖြူသလား၊ မဲသလား၊ ဝသလား၊ ပိန်သလား၊ ငယ်လား၊ ကြီးလားဆိုတာကို လုံးဝမသိခဲ့ရဘူး။ နောက်ဆုံးမတွေ့ခဲ့ရတဲ့ သူတစ်ယောက်ကတော့ သူတို့စောင့်နေတဲ့ အဖွားအိုကြီးပဲ။ ထိုအဖွားကြီးအကြောင်းကို လူတွေရဲ့စကားဝိုင်းမှာပဲ ကျွန်တော်တို့ကြားခဲ့ရတယ်။ ဘာရည်ရွယ်ချက်မှနဲ့တော့ မဟုတ်ပေမဲ့ ဒါရိုက်တာ Abbas Kiarostami က တမင်မပြခဲ့တာလို့ပဲလို့ကျွန်တော်ယူဆမိတယ်။ ဒါရိုက်တာ Abbas Kiarostami ရဲ့အဆိုအရဆိုရင် ဒီဇာတ်ကားထဲမှာ ပရိသတ်တွေ မမြင်လိုက်ရတဲ့ အဓိကဇာတ်ကောင် ၁၁ ယောက်ရှိတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး Review သဘောမျိုးအကျဉ်းရေးရမယ်ဆိုရင် ပထမဆုံးချီးကျူးချင်တာက သရုပ်ဆောင်တွေပါ။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ လူနေရာကသရုပ်ဆောင်တဲ့ မင်းသား Behzad Dorani တစ်ယောက်ပဲ Professional သရုပ်ဆောင်ပါ။ ကျန်တဲ့လူတွေအကုန်လုံးက အပြင်က ထိုရွာလေးကလူတွေနဲ့ပဲ ရိုက်ကူးခဲ့တာ။ သဘာဝဆန်ဆန်ပြချင်ရင် သဘာဝလူတွေနဲ့ပဲ ရိုက်ကူးတာ အကောင်းဆုံးပါ။ ဒီ Director ကြီး Abbas Kiarostami ရဲ့ တစ်ချို့ရုပ်ရှင်တွေနဲ့မစိမ်းတဲ့သူတွေအဖို့တော့ သိပ်မခက်ခဲပေမဲ့ သူ့ရဲ့တင်ပြဟန်ကို မရင်းနှီးသေးတဲ့ပရိသတ်အချို့အတွက်တော့ အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ Abbas Kiarostami က ပရိသတ်ကို သိပ်ဂရုမစိုက်ဘူး။ ပရိသတ်နားလည်အောင်၊ ပရိသတ်အကြိုက်တွေ့အောင် ဆိုတဲ့ ရိုက်ကူးဟန်တွေ သူ့ဇာတ်ကားတွေမှာ ကျွန်တော်တို့မတွေ့ရဘူူး။ အခု The Wind Will Carry Us ဇာတ်ကားမှာလည်း ထိုနည်း၎င်းပဲ။ သူတင်ပြတဲ့အရာတွေက ကျွန်တော်တို့ပရိသတ်တွေ စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမယ်။ ဒါပေမဲ့ သူကတော့ သူစိတ်ဝင်စားတာကို သူရိုက်တယ်။ သူရိုက်ကူးတဲ့အကြောင်းအရာကို စိတ်ဝင်စားတဲ့ ပရိသတ်အနည်းငယ်အတွက်ပဲ သူရိုက်ကူးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တဲ့ တစ်ခုတည်းသော အကြောင်းအရာက သူ့ဇာတ်ကားတွေကို စိတ်ရှည်ပြီး ကြည့်ပေးဖို့ပါပဲ။ အဆုံးမှာ နာမည်တပ်လို့မရတဲ့ ခံစားချက်တစ်ခုတော့ ကျွန်တော်တို့ပရိသတ်ကိုယ်စီမှာ ကျန်ရစ်ခဲ့ကြတယ်။

ကျွန်တော်တို့တွေက ဒီဇာတ်ကားနဲ့ပတ်သက်ပြီး hidden meanings တွေကို အထူးရှာခဲ့ကြတယ်။ ပန်းသီးလေးတစ်လုံးအောက်ပြုတ်ကျသွားတယ်။ ထိုပန်းသီးလိမ့်ဆင်းသွားတဲ့ လမ်းကြောင်းတစ်လျှောက်ကို ရိုက်ပြနေတယ်။ ဒါ ဘာအဓိပ္ပာယ်လဲ။ နောက်တစ်ခန်းမှာတော့ အဓိကဇာတ်ကောင်က နွားနို့သောက်ချင်နေတယ်။ သူတို့ကို လာကူညီပေးနေတဲ့ အမျိုးသမီးနဲ့ရွာထဲကလူတစ်ချို့ပြောချက်အရ ဒီရွာမှာ နွားနို့မရဘူး။ ဒါပေမဲ့ သင်္ချုင်းမှာ တွင်းတူးနေတဲ့လူကတော့ အိမ်တိုင်းကို တံခါးခေါက်ပြီးမေးလိုက်။ နွားနို့ရတာပေါ့လို့ပြောတယ်။ ဒါဆို ဒီနွားနို့ရဲ့အဓိပ္ပာယ်ကရော ဘာလဲ။ တွင်းတူးနေရင်းနဲ့လူ့ပေါင်ရိုးတစ်ချောင်းရတော့ ထိုအရိုးကို ကားပေါ်မှာတောင် တင်ထားပြီး သွားလေရာ သူယူသွားတယ်။ နောက်ဆုံးခန်းမှာမှ ထိုအရိုးကို ချောင်းလေးထဲ လွှတ်ပစ်ခဲ့တယ်။ ဒီအရိုးရဲ့အဓိပ္ပာယ်ကရော ဘာလဲ။ ဒါပေမဲ့ ကြည့်နေရင်းနဲ့မိမိကိုယ်ကို ပြန်မေးမိတဲ့ မေးခွန်းတစ်ခုက “ဒါတွေဟာ သိဖို့လိုအပ်သလား၊ သိဖို့အရေးကြီးလား” ဆိုတာပဲ။ ကျွန်တော်တို့တွေ The Wind Will Carry Us ကို ကြည့်ဖို့တွေးခေါ်ပညာရှင်ကြီးတွေ ဖြစ်စရာမလိုပါဘူး။ အထက်က ပြောထားတဲ့အတိုင်း အနည်းငယ်လေး စိတ်ရှည်ဖို့ပဲ လိုအပ်ခဲ့တာပါ။

Behzad .. သူ့နာမည်က Behzad Dourani ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်။ သူက ဇာတ်လမ်းရဲ့ဇာတ်လိုက်ဆိုပေမဲ့ ရုပ်ရှင်အများစုပုံဖော်ကြတဲ့ လူကောင်းဇာတ်လိုက်တစ်ယောက်တော့ မဟုတ်ဘူး။ သူက သာမာန်လူ။ ကျွန်တော်တို့ခင်ဗျားတို့လို သာမာန်လူ။ သူ့အလုပ်က ဒီရွာလေးကိုလာပြီး ထိုအဖွားကြီးသေရင် အသုဘကို ရိုက်ကူးရေးမှတ်တမ်းတင်ပြီး television အစီအစဉ် (သို့) Journal တစ်ခုခုမှာ ဖော်ပြမဲ့အလုပ်။ ဖြစ်ချင်တော့ အဖွားကြီးကလည်း မသေနိုင်သေးဘူး။ နေပြန်ကောင်းလိုက်၊ ရောဂါပြန်ဖောက်လိုက်နဲ့။ တစ်ကယ်တော့ ပြောရမယ်ဆိုရင် Behzad ကလည်း တစ်ကိုယ်ကောင်းဆန်တဲ့သူ။ မှန်ရာကို ပြောရမယ်ဆိုရင် အဖွားကြီးကို မြန်မြန်သေစေချင်နေပြီ။ အဖွားကြီး သေမှ သူတို့လည်း Tehran ကို မြန်မြန်ပြန်နိုင်မှာ။ ဒါပေမဲ့ ဖြစ်ချင်တိုင်း မဖြစ်တဲ့ လောကမှာ Behzad တစ်ယောက် ပေါက်ကွဲပြီး သူသတင်းရယူနေတဲ့ ကလေးလေးကိုလည်း နောက်ဆို သတင်းကောင်းမပါပဲနဲ့မလာနဲ့လို့အော်ဟစ်ပြောဆိုလိုက်သေးတယ်။ နောက်တစ်ခန်းမှာဆိုလည်း ဒီအတိုင်းသွားနေတဲ့ လိပ်ကလေးကို သူမှောက်လိုက်တယ်။ ပြီးတော့ ဒီအတိုင်းထားပစ်ခဲ့တယ်။ ဒါတွေဟာ ကျွန်တော်တို့လူသားေ တွရဲ့ အတွင်းစိတ်သဏ္ဍာန်တွေရဲ့ဖွင့်ဟချက်တွေပဲ။ ဒါပေမဲ့ အမှန်တော့ ရွာသားတွေကို Engineer တွေလို့လိမ်ထားရတဲ့အတွက်လည်း အပြစ်မလုံတဲ့ စိတ်တော့ ဖြစ်မိနေတယ်။

ဇာတ်ကားရဲ့အဆုံးပိုင်းနားမှာ သင်္ချင်းတောင်ပေါ်မှာ ကျွင်းတူးနေတဲ့ သူ့ကျွင်းထဲကို ပြုတ်ကျပြီး အရေးပေါ်အခြေအနေတစ်ခု ဖြစ်လာတယ်။ Behzad က ရွာနားကလူတွေအကုန်လုံးကို သတင်းပေးပြီး သွားရောက်ကယ်ဆယ်ခဲ့ကြတယ်။ အဲ့ဒီ့မှာ ဆရာဝန်အိုကြီးတစ်ယောက်နဲ့Behzad တွေ့ခဲ့တယ်။ ဇာတ်လမ်းထဲမှာ သူတွေ့ခဲ့တဲ့ သူတွေထဲမှာ ဒီဆရာဝန်အိုကြီးက နောက်ဆုံးလူပဲ။ ဒီနောက်ဆုံးအခန်းက အလှပဆုံးဇာတ်ဝင်ခန်းလေး။ ထိုဆရာဝန်ကြီးက သူ့ကို ဆိုင်ကယ်အနောက်မှာ ခေါ်တင်ပြီး ရွာလေးထဲကို ပြန်သွားကြတယ်။ လိမ္မော်ရောင်တွေ အဝါရောင်တွေဖြာပြီးသန်းနေတဲ့ မြက်ပင်ရှည်ကြီးတွေကြားထဲက လမ်းကျဉ်းလေးတစ်လျှောက်မှာ သူတို့ရဲ့ဆိုင်ကယ်လေးက တုန်တုန်ယင်ယင်နဲ့ရွေ့သွားနေတယ်။ လမ်းတစ်လျှောက်မှာ ဘဝရယ်၊ သေခြင်းတရားရယ်၊ သေခြင်းတရားနောက်ဆက်တွဲဘဝတွေရယ်ကို သူတို့ဆွေးနွေးသွားကြတယ်။ သေဆုံးသွားပြီးနောက်မှာ ပိုကောင်းတဲ့နေရာကို ရောက်သွားကြတယ်လို့တစ်ချို့က ဆိုကြတယ်။ ဘယ်သူတွေဘယ်လို ပြောခဲ့ကြသလဲတော့မသိဘူး။ ဒါပေမဲ့ ဘယ်သူမှ သေရွာကနေပြန်လာပြီး ထိုအဆိုကို မှန်ကန်ကြောင်း လာပြန်ပြောတယ်ဆိုတာတော့ မရှိဘူူးလို့ဆရာဝန်အိုကြီးက ပြန်ဖြေခဲ့တယ်။ တစ်ကယ်လို့ပိုကောင်းမွန်တဲ့ နေရာကို ရောက်ရှိသွားကြပြီဆိုရင်လည်း ဒီကမ္ဘာကို ဘယ်သူက ပြန်လာချင်တော့မှာလဲလေ။ ထို့နောက်မှာတော့ ဆရာဝန်အိုကြီးက နတ်က္ခတာရာပညာရှင်ကြီးတစ်ဖြစ်လည်း ကဗျာဆရာကြီး Omar Khayyam ရဲ့ Rubaiyait ကဗျာစာအုပ်ထဲက အပုဒ်တစ်ပုဒ်ကို ရေရွတ်လိုက်တယ်။

“They tell me the other world is as beautiful as a houri from heaven!
Yet I say that the juice of the vine is better.
Prefer the present to those fine promises.
Even a drum sounds melodious from afar.”

ဇာတ်လမ်းရဲ့အဆုံးမှာတော့ Behzad ရဲ့ဆန္ဒပြည့်ဝခဲ့တယ်။ ဒါပေမဲ့ သူဆန္ဒကို သူစိတ်မဝင်စားတော့ဘူး။ အသုဘကို မှတ်တမ်းတင်ရိုက်ကူးရမဲ့အစား အသုဘအခမ်းအနားကို လာရောက်ကြတဲ့ အမျိုးသမီးတွေကိုပဲ သူဓာတ်ပုံတွေ ရိုက်ကူးနေခဲ့တော့တယ်။

The Wind Will Carry Us ဆိုတဲ့ နာမည်ကို ကျွန်တော်စောစောက ရေးသားခဲ့တဲ့အတိုင်း 20 ရာစုရဲ့နာမည်ကျော် အမျိုးသမီးကဗျာဆရာမတွေထဲက တစ်ယောက်ဖြစ်တဲ့ Forough Farrokhzād ရေးသားခဲ့တဲ့ ကဗျာတစ်ခုရဲ့ခေါင်းစဉ်ကို ပြန်ယူပြီး ယခုဇာတ်ကားရဲ့နာမည်အဖြစ်ပေးခဲ့တာ။ Forough Farrokhzād ကိုယ်တိုင်လည်း သူတို့Iran နိုင်ငံပညာရေးရဲ့နဝမတန်းအထိပဲ အတန်းပညာဆည်းပူးခဲ့ရပြီး သူမရဲ့အသက် 20 အရွယ်မှာ ပထမဆုံးကဗျာထုကို ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူမ ကံမကောင်းခဲ့ပါဘူး။ အသက်အရွယ်ငယ်ငယ်နဲ့အသက် 32 နှစ်မှာပဲ car accident တစ်ခုကြောင့် သူမသေဆုံးသွားခဲ့ရတယ်။ တရားဝင်ပြောချက်အရ ကျောင်းကားတစ်စီးကို ရှောင်လိုက်ရင်း သူမမောင်းနေတဲ့ကားပေါ်ကနေ လွင့်ကျပြီး လမ်းဘေးက လမ်းကျောက်ခုံနဲ့ခေါင်းရိုက်မိပြီး သေဆုံးခဲ့ရတာပါ။ သူမရေးသားခဲ့တဲ့ The Wind Will Carry Us ကဗျာလေးကတော့

In my night, so brief, alas
The wind is about to meet the leaves.
My night so brief is filled with devastating anguish
Hark! Do you hear the whisper of the shadows?
This happiness feels foreign to me.
I am accustomed to despair.
Hark! Do you hear the whisper of the shadows?
There, in the night, something is happening
The moon is red and anxious.
And, clinging to this roof
That could collapse at any moment,
The clouds, like a crowd of mourning women,
Await the birth of the rain.
One second, and then nothing.
Behind this window,
The night trembles
And the earth stops spinning.
Behind this window, a stranger
Worries about me and you.
You in your greenery,
Lay your hands – those burning memories –
On my loving hands.
And entrust your lips, replete with life’s warmth,
To the touch of my loving lips
The wind will carry us!
The wind will carry us!

IMDB rating: 7.6/ 10
Rotten Tomatoes rating: 96%


~WH~

WH
WH
6 min read