မိန်းမကြီးတစ်ဦးဟာ လူသွားလူလာ နည်းပါးတဲ့ လမ်းမကြီးဘေးမှာ လစ်လပ်လျက်ရှိတဲ့ billboards သုံးခုကို ငှါးရမ်းခဲ့တယ်။ ပြီးတော့ အောက်ပါ စာသားကို billboards သုံးခုမှာ ရေးတင်စေခဲ့တယ်။ "Raped while dying", "And still no arrests?", "How come, Chief Willoughby?". မသိတဲ့သူအတွက်တော့ ရုတ်တရက်ကြည့်ရင် ဘာမှန်း အဓိပ္ပါယ်မပေါက်နိုင်ပေမယ့် Ebbing မြို့သားတွေကတော့ စာသားတွေကိုမြင်တာနဲ့ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ဘယ်သူ့လက်ချက်ဆိုတာကိုပါ တန်းသဘောပေါက်ခဲ့ကြတယ်။

Mildred Hayes...............တစ်ခုလပ်မိန်းမကြီး၊ သားတစ်ဦးနဲ့ လွန်ခဲ့တဲ့ ၇ လခန့်က မုဒိမ်းကျင့်အသတ်ခံခဲ့ရပေမယ့် ယခုတိုင် တရားခံမပေါ်သေးတဲ့ သမီးတို့ရဲ့ မိခင်။ သူကလွဲပြီး တစ်မြို့လုံး ဒီ အကျည်းတန်လှတဲ့ဖြစ်ရပ်ကြီးကို မေ့ကုန်ပြီလို့ သူခံစားရသလားမသိ။ Willoughby လို့နာမည်တပ်ပြီးတော့ပါ billboard တင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူ့လုပ်ရပ်က မြို့လေးကို ဂယက်ရိုက်စေခဲ့တာအမှန်ပဲ။ သူကိုယ်တိုင်လည်း တီဗီအင်တာဗျူးတွေမှာတောင် ပါလာခဲ့တာပေါ့။

Willoughby ဆိုတာက ဘယ်သူလဲ? Ebbing မြို့လေးရဲ့ သေးနုပ်နုပ်ရဲဌာနလေးကို ဦးစီးရသူ၊ တာဝန်ခံရသူပေါ့။ Mildred ရဲ့ billboard သုံးခုဟာ သူ့အတွက်ကော ရဲဌာန တစ်ခုလုံးအတွက်ပါ ခေါင်းခြောက်စရာ။ တကယ်တော့ Willoughby ဟာ သဘောကောင်း၊ သမာသမတ်ရှိသမို့ တစ်မြို့လုံးကကော၊ လက်အောက်ငယ်သားတွေကပါ ရိုသေချစ်ခင်ရသူပါ။ နောက်တစ်ချက်က သူဟာ terminal cancer ရောဂါသည်။ ဒါ့ကြောင့် ဒီ billboard ကိစ္စမှာ Willoughby ကို ကရုဏာသက်၊ Willoughby ဘက်ကပါပြီး Mildred ကိုရန်သူလို မုန်းတီးကြသူတွေလည်း မနည်းပေါ့။ အဲ့ထဲမှာ အပြောအဆိုကော၊ အမူအရာကော ကြမ်းတမ်းတဲ့ ရဲသား Dixon ကထိပ်ဆုံးက။

ဇာတ်လမ်းအကြောင်း ဒီလောက်ပဲပြောချင်ပါတယ်။ ဒီကားဟာ အဓိကနောက်ခံဖြစ်ရပ် (Raped while dying) ကိုအခြေပြုပေမယ့် မပေါ်သေးတဲ့ တရားခံရှာကြတဲ့ဘက်ကို ဦးတည်တာမဟုတ်ဘဲ၊ ဒီဖြစ်ရပ်နဲ့ billboard ဂယက်မှာ ဆက်စပ်ပတ်သက်နေသူတွေကြား interrelations ၊ နောက် characters တွေရဲ့ စိတ်ခံစားချက်တွေဘက် အလေးပေးဖွဲ့ဆိုထားတယ်။ Genre ဆိုရင်တော့ comedy သို့မဟုတ် black comedy ပေါ့။ ဒီ subject ဟာ writer/director Martin McDonagh အပိုင်နိုင်ဆုံးဖြစ်ကြောင်း In Bruges, Seven psychopaths တို့မှာ မြင်တွေ့ရပြီးသား။ ဒီကားကတော့ အဲ့အချက်ကို အတည်ပြုလိုက်တာပဲပေါ့။ ဟာသဆိုပေမယ့် punchline တွေနဲ့ ပေါပေါပဲပဲ ရယ်ရစေတာမဟုတ်ဘဲ၊ တစိမ့်စိမ့်တွေးပြီးမှ ပြုံးရတဲ့၊ တစ်ချက်တစ်လေ ironic ဖြစ်တဲ့ dialogues တွေ၊ ဇာတ်ကွက်တွေနဲ့ ဖွဲ့စည်းထားတာက သာမန်ဟာသကားတွေနဲ့ ပြောင်မြောက်စွာ ကွဲလွဲနေစေတာပဲ။ Characters တွေရဲ့ စရိုက်၊ စိတ်ခံစားချက်နဲ့ ခံယူချက်တွေအထိ ပီပြင်စွာ ပုံဖော်နိုင်ခဲ့ပြီး ဖော်ဆောင်လိုတဲ့ theme ဆီလည်း အရောက်သွားနိုင်ခဲ့တဲ့ ထူးချွန်လှတဲ့ ဇာတ်ညွှန်းလို့ ဆိုချင်တယ်။

ဒီကားမှာ သရုပ်ဆောင်ကောင်းသလောက် superstars အဆင့်လို့ လူတွေသိပ်မသတ်မှတ်ကြတဲ့၊ တစ်နည်း ကျော်ကြားမှုအပိုင်းအရ underrated လို့ သတ်မှတ်ကြမယ့် (ကျွန်တော်သတ်မှတ်မိတဲ့) သရုပ်ဆောင်တွေကို တစ်စုတစ်စည်းတည်းတွေ့ရတာပဲ။ Frances McDormand ဟာ ဟိုးအရင်ကတည်းက ရုပ်သွင်ပြင်ထက် သရုပ်ဆောင်စွမ်းရည်ကိုပဲ အားပြုခဲ့သူတစ်ဦး။ Fargo, Burned after reading တို့ကြည့်ဖူးရင် သူဘယ်လောက်ကောင်းလဲ သိလိမ့်မယ်။ ဒီကားထဲက Mildred Hayes ဇာတ်ကောင်ဟာ သူ့အတွက်ရေးဖွဲ့ထားတာပဲ။ ဒါ့ကြောင့် ပီပြင်တယ်ဆိုတာထက် တစ်ထပ်တည်းကိုဖြစ်နေတော့တယ်။ ဒီနှစ် အော်စကာမှာ ဆန်ခါတင်မပါရင်တော့ crime လို့ကို ပြောလိုက်ချင်တယ်။ ပါဝင်ရတဲ့အခန်းနည်းတဲ့ Woody Harrelson အကြောင်းတော့ သိပ်ပြောစရာမရှိဘူး။ ဒါပေမယ့် သူလည်း အခန်းနည်းနည်းလေးမှာ ပြောင်မြောက်နိုင်သလောက် ပြောင်မြောက်ခဲ့တာပဲ။ နောက်တစ်ယောက် Sam Rockwell...။ အမြဲလိုလို ဇာတ်ပို့နေရာမှာပဲ မြင်ရလေ့ရှိသူ (Moon ကလွဲပြီး)၊ သူပါဝင်တဲ့ကားတိုင်းလိုလိုမှာ သိပ်ကောင်းတဲ့ သရုပ်ဆောင်မှုမျိုး အမြဲပြလေ့ရှိသူ။ ဒီကားကလည်း သူ့ရဲ့ fine performances တွေထဲက တစ်ခုပဲ။ နောက်ထပ် ထာဝရဇာတ်ပို့ နောက်တစ်ဦး John Hawkes, Tyrion Lannister သို့မဟုတ် Peter Dinklage, မနှစ်က Manchester by the sea ရဲ့ breakthrough performer လေး Lucas Hedges တို့နဲ့ အားဖြည့်ထားသေးတယ်။

ဒီကားရဲ့ theme က forgiveness လို့ ခံစားမိတယ်။ ကိုယ့်ကို ကိုယ်ထိလက်ရောက် စော်ကားသူ၊ ကိုယ့်ကို မီးလောင်စေသူ၊ ကိုယ့်ကို billboard တင်ပြီးတိုက်ခိုက်သူ၊ ကိုယ့်ကို ညှင်းပမ်းနှိပ်စက် နှိမ်ချဆက်ဆံတဲ့ လင်ယောကျာ်းဟောင်း၊ စသူ စသူတို့အပေါ် ခွင့်လွှတ်တတ်ခြင်းတွေ ခံစားစေခဲ့ပါတယ်။ ဒါပေမယ့် တချို့ကိစ္စရပ်တွေက ခွင့်လွှတ်ခြင်းနဲ့ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်းကိုတော့ ပရိသတ်အတွက်ပဲ ချန်ထားပေးခဲ့တယ်။

~Miller~