Toy Story မှ သင်ခန်းစာများ

(Toy Story ဇာတ်ကားတွေရဲ့spoilers တွေပါဝင်ပါတယ်။)

ကျွန်တော်တို့တွေ အခုအရွယ်ထိ ဘာကြောင့် Animation ကားတွေကြည့်နေတုန်းလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက Toy Story 4 ပါပဲ။ ရုပ်ရှင်ချစ်သူတွေ သိကြတဲ့အတိုင်း Pixar ရဲ့ဇာတ်ကားအများစုဟာ ကလေးတွေအတွက်သာမက အရွယ်ရောက်လူသားတွေအတွက်ပါ ရည်ရွယ်ထားတယ်ဆိုတာ ကျွန်တော်တို့တွေ ငြင်းဆန်လို့မရပါဘူး။ သူတို့ဇာတ်ကားတိုင်းမှာ ကလေးတွေအတွက် သိမှတ်စရာလေးအချို့ထည့်သွင်းထားပြီး ကျွန်တော်တို့လူကြီးတွေအတွက်ပါ ဘဝသင်ခန်းစာအချို့ကို ယူတတ်ရင် ရရှိအောင် အမြဲထည့်သွင်းထားလေ့ရှိတတ်ကြတယ်။

Toy Story ဇာတ်ကားတွေထဲက အရုပ်လေးတွေဆီကနေ ကျွန်တော်တို့ဘာသင်ခန်းစာတွေ ရရှိခဲ့ကြသလဲ။

Toy Story (1995)

၁။ မိမိကိုယ်ကို လက်ခံခြင်း

ဒီသင်ခန်းစာကတော့ Toy Story ဇာတ်ကားတိုင်းလိုလိုမှာ မြင်တွေ့ခဲ့ရတဲ့ သင်ခန်းစာပါ။ ဒါပေမဲ့ Pixar က ပထမဆုံး စထုတ်ခဲ့တဲ့ ပထမဆုံး Toy Story ဇာတ်ကားမှာ မိမိကိုယ်ကို လက်ခံမှုဆိုတဲ့ အချက်လေးကို အဓိက ထားတင်ပြသွားတယ်။ ဇာတ်လမ်းစစဖွင့်ဖွင့်တော့ ကျွန်တော်တို့ရဲ့သူရဲကောင်းကြီး Woody ဟာသူ့အရုပ်ဘဝရဲ့ထပ်ဆုံးကို ရောက်ရှိနေတဲ့အချိန်။ ပိုင်ရှင်ဖြစ်တဲ့ Andy လေးရဲ့အကြိုက်ဆုံးအရုပ်ကလည်း သူပဲ။ Andy ရဲ့နံရံတွေမှာလည်း Woody ပုံလေးတွေနဲ့ပြည့်ပြီး အိပ်ယာခင်းတောင် Woody ရဲ့ပုံလေးနဲ့။ သူတို့အရုပ်တွေထဲမှာလည်း Woody က ခေါင်းဆောင်။ တစ်ခြားအရုပ်တွေ စွန့်ပစ်ခံရရင်တောင် Woody ကတော့ ဘယ်တော့မှ စွန့်ပစ်ခံရမဲ့ အရုပ်မဟုတ်ဘူး။ သူထင်ခဲ့တာက သူ့ဘဝတစ်လျှောက်လုံး အခုလိုအမြဲ သာယာနေခဲ့မယ်လို့။ ဒါပေမဲ့ သိကြတဲ့အတိုင်း သူတို့ကမ္ဘာလေးထဲကို အရုပ်သစ်လေးတစ်ရုပ်ဖြစ်တဲ့ Buzz Lightyear ရောက်လာတော့ Woody ရဲ့ဘဝဟာ ကမောက်ကမတွေ ဖြစ်ကုန်ရော။ ပိုင်ရှင်လေး Andy ကလည်း Buzz Lightyear မှ Buzz Lightyear ဖြစ်လာတယ်။ သူတို့အရုပ်အဖွဲ့လေးထဲက အများစုကလည်း အသစ်ဖြစ်တဲ့ Buzz ကို Woody ထက် ပိုအထင်ကြီးလာကြတယ်။ ဒီတော့ မနာလိုဖြစ်လာတဲ့ Woody က Buzz ကို အကောက်ကြံလာတာပေါ့။ ဒါပေမဲ့ Buzz အမှန်တစ်ကယ် ဒုက္ခရောက်တဲ့အချိန်မှာ သွားရောက်ကယ်တင်ခဲ့တာ Woody ပဲဖြစ်လာခဲ့တယ်။ Woody သူ့နေရာကို သူသိလာခဲ့တယ်။ တစ်ကယ်က ကိုယ်တစ်ယောက်ပဲ အမြဲတမ်း ရွှေထီးဆောင်းလို့မှမရတာ။ ကိုယ့်ရဲ့ သရဖူကို တစ်နေ့တစ်ချိန်မှာ တစ်ယောက်ယောက်က ဆွတ်ခူးလာမှာ ဓမ္မတာပဲလေ။ ထိုအချိန်မျိုးရောက်လာခဲ့ရင် အမှန်ကိုမြင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို လက်ခံဖို့အသိတရားသင်ခန်းစာတစ်ခု ကျွန်တော်တို့တွေ ရရှိခဲ့တယ်။ သိကြတဲ့အတိုင်း ထိုအချိန်ကစပြီး သူတို့နှစ်ယောက်က ဘယ်တော့မှ မခွဲတော့တဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်လာကြတယ်။

မိမိကိုယ်ကို လက်ခံခြင်းဆိုတဲ့ အကြောင်းအရာကို ဆက်ပြောရမယ်ဆိုရင် Buzz Lightyear ရဲ့အစပိုင်းကို ကျွန်တော်တို့တွေ ချန်ရစ်ထားခဲ့လို့မရဘူး။ Buzz က Woody တို့ရဲ့အရုပ်ကမ္ဘာကို စစရောက်လာတုန်းက သူ့ကိုယ်သူ အရုပ်လို့မထင်ဘူး။ တစ်ကယ့်အာကသသမားအစစ်တစ်ယောက်လို့သူ့ကိုယ်သူထင်နေခဲ့တာ။ ဒါပေမဲ့ သူပျံဖို့ကြိုးစားတဲ့အခေါက်တစ်ခေါက်မှာ မပျံနိုင်ပဲ အောက်ကို ပြုတ်ကျသွားတဲ့အချိန်မှ သူဟာ အာကာသသမားတစ်ယောက် မဟုတ်ပဲ လူသားကလေးတစ်ယောက်ရဲ    ပျော်ရွှင်မှအတွက် ဖန်တီးခံခဲ့ရတဲ့ အရုပ်တစ်ရုပ်ပဲဆိုတာ သူ စိတ်မကောင်းစွာ သိခဲ့ရတယ်။ သိသိခြင်းနောက်ပိုင်းမှာ နည်းနည်းတော့ စိတ်ပျက်အားငယ်ဝမ်းနည်းမှုတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ သူ့ကို ပြန်အားတက်အောင် ဆောင်ရွက်ခဲ့တာလည်း Woody ပဲ။ သူတို့ဟာ အရုပ်လေးတွေ၊ အရုပ်တွေဆိုတာ ကလေးတွေရဲ့ပျော်ရွှင်မှုတွေ၊ ကလေးတွေ ပျော်ရွှင်ရင် သူတို့လည်း ပျော်တယ်။ Buzz တစ်ယောက် သူကိုယ့်သူ အရုပ်တစ်ရုပ်လို့အမှန်တရားကို လက်ခံလိုက်တဲ့အချိန်က စပြီး သူတို့တွေ အန္တရာယ်တွေကို ကျော်လွှားနိုင်ခဲ့ကြတယ်။ ဒီလိုပဲ ကျွန်တော်တို့လူသားတွေလည်း မိမိကိုယ်ကို လက်ခံနိုင်မှုရှိဖို့လိုုအပ်တယ်။ လောကမှ အတုအယောင်တွေ ပေါများပါတယ်။ အတုအယောင်တွေနဲ့နေထိုင်နေသမျှ မိမိရဲ့အတွင်းစိတ်မှာ လုံခြုံမှုဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်တဲ့အပြင် နောက်ဆုံးမှာ မိမိကိုယ်ကို ယုံကြည်မှုတွေပါ ပျောက်ပျက်လာပါလိမ့်မယ်။

နောက်ထပ် သင်ခန်းစာတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင် ကလေးဘဝက ရရှိခဲ့တဲ့ သင်ခန်းစာပါ။ ကျွန်တော် Toy Story ပထမဆုံးဇာတ်ကားကို စကြည့်ဖူးတာ တော်တော်ငယ်သေးတဲ့ မူလတန်းအရွယ်လောက်ကပါ။ အဲ့ဒီ့အချိန်တွေတုန်းက ကိုယ်တွေအိမ်တွေမှာ အပေါ်စက်တွေ၊ အောက်စက်တွေ (ထိုခေတ် အခေါ်အဝေါ်) မရှိသေးဘူး။ ရပ်ကွက်ထဲက ဗီဒီယိုရုံလေးထဲမှာ ကြည့်ခဲ့ရတာ။ ကျွန်တော် ထိုဇာတ်ကားမကြည့်ခင်လောက်က အရုပ်တွေကို ညင်ညင်သာသာ ကစားလေ့မရှိဘူး။ ဇာတ်ကားထဲက Sid လေးလိုပေါ့။ အရုပ်တွေအပေါ် အကိုင်အတွယ်ကြမ်းတမ်းတယ်။ ယောကျ်ားလေးဆိုတော့လည်း သိတဲ့အတိုင်း ပျက်စီးတဲ့အရုပ်တွေကများတယ်။ ခြေပျက်၊ လက်ပျက်ဖြစ်သွားတဲ့ အရုပ်တွေဆို မနည်းဘူး။ ဒါပေမဲ့ ထို Toy Story ပထမကားကို ကြည့်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်တော် အရုပ်လေးတွေကို သေသေချာချာသပ်သပ်ရပ်ရပ်နဲ့စည်းကမ်းရှိရှိ ကစားတတ်လာတယ်။ ထိုအရွယ်တုန်းကဆိုတော့ ကလေးဆိုတော့ “ငါ့အရုပ်လေးတွေလည်း အသက်ရှိချင် ရှိမှာ။” ဆိုပြီး သနားတတ်လာတယ်။ ကိုယ်ဖျက်ဆီးလို့ပျက်စီးပြီး အမှိုက်ပုံရောက်သွားတဲ့ အရုပ်ကလေးတွေကိုလည်း သနားပြီး စိတ်မကောင်းဖြစ်လာတယ်။ ဖြစ်ဖူးကြလားတော့ မသိဘူး။ တစ်ခါတစ်လေကြရင် အရုပ်လေးတွေက ကိုယ်ထားခဲ့တဲ့ နေရာမှာ မရှိတတ်ကြဘူး။ ပြီးရင် ကိုယ်တွေမသိလိုက်ပဲ တစ်ချို့အရုပ်လေးတွေ ပျောက်သွားတယ်။ ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။ တစ်ခါတစ်လေကြရင်လည်း ကိုယ့်မှာ မရှိတဲ့ ဘယ်ကမှန်းမသိတဲ့ အရုပ်ကလေးတွေ အိမ်ပေါ်ရောက်နေတတ်တယ်။ ဒီတော့ Toy Story ကို စိတ်စွဲနေခဲ့တဲ့ ကျွန်တော် ငါတို့မရှိတဲ့အချိန်တွေမှာ သူတို့အသက်ဝင်ပြီး လှုပ်ရှားသွားလာနေမလားဆိုပြီး ညဘက် ညဘက်ဆို အရုပ်ကလေးတွေကို ကျွန်တော် ထထချောင်းတယ်။ ဒါပေမဲ့ အရုပ်ကလေးတွေကပဲ ဉာဏ်ကောင်းလွန်းတာလား။ ကိုယ်တွေရဲ့လက်တွေ့ဘဝတွေကပဲ Toy Story လို မဟုတ်တာလားတော့ မသိဘူး၊ အသက်ရှင်လျက် လှုပ်ရှားသွားလာနေကြတဲ့ အရုပ်ကလေးတွေကို ကျွန်တော်တို့တွေ ဘယ်တုန်းကမှ မတွေ့ခဲ့ကြပါဘူး။

Toy Story 2 (1999)

၁။ သေခြင်းတရား

ဒီဇာတ်ကားကို အခုနောက်ပိုင်းပြန်ကြည့်မှ ရုတ်တရက်ဝင်လာတဲ့ အတွေးတစ်ခုက သေခြင်းတရားပဲ။ ဒါပေမဲ့ အခုဇာတ်ကားမှာ မြင်ခဲ့ရတဲ့ သေခြင်းတရားက တတိယဇာတ်ကားမှာ ပြသထားတဲ့ သေခြင်းတရားလောက်တော့ မပြင်းထန်ခဲ့ဘူး။ ထိုအတွေးက ဘယ်ကစသလဲဆိုတော့ Woody ရဲ့လက်ကလေးပြဲသွားတဲ့အချိန်ကပဲ။ အမြဲတမ်း အသက်ရှင်သန်မယ်လို့ထင်ရင်ထင်ထားမိမဲ့ Woody အတွက်တော့ အခုလို သူ့လက်ကလေးပြဲသွားတာ စွန့်ပစ်ခံရခြင်းနဲ့မတည်မြဲခြင်းကို Woody စမြင်လာတော့တယ်။ သူ့အတွက်တော့ အခုလို လက်ကလေးပြဲသွားတာ ကျွန်တော်တို့လူသားတွေ ဆံပင်ဖြူလာခြင်းတို့ခန္ဓာကိုယ်မသန်စွမ်းတော့ခြင်း ဆိုတဲ့ အသက်အရွယ်ကြီးမြင့်လာပြီး သေခြင်းတရားနဲ့နီးလာပြီဆိုတဲ့ လက္ခဏာတွေကို မြင်တွေ့လိုက်ရသလိုပဲ။ သေခြင်းတရားဆိုတာ တစ်ကယ်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေးစတစ်ခုပါ။ ဒါကြောင့်လည်း စွန့်ပစ်ခံရခြင်းကို ကြောက်လာတဲ့ Woody တစ်ယောက် Andy ဆီကို မပြန်တော့ပဲ ပြတိုက်ထဲမှာ အပြီးနေတော့မဲ့ ဘဝကို ရွေးချယ်လိုက်တယ်။ ဒါပေမဲ့ Buzz က ဒီတစ်ခါ Woody ကို ဘဝသင်ခန်းစာတစ်ခု ပြန်လည်သင်ကြားခဲ့တယ်။ စွန့်ပစ်ခံရခြင်းကို ကြောက်လန့်တဲ့စိတ်တွေ၊ အသက်အရွယ်ကြီးရင့်လာခြင်းတွေ၊ သေခြင်းတရားတွေဆိုတာ အသက်ရှင်နေထိုင်ခြင်းဘဝတွေရဲ့အစိပ်အပိုင်းတွေပဲ။ ထိုအစိပ်အပိုင်းတွေဟာ ကျွန်တော်တို့ဘဝတွေမှာ မလိုချင်လို့လည်း မရဘူး။ ရှောင်ပြေးလို့လည်း မရဘူး။ ဒါကြောင့်လည်း အမှန်ကို မြင်လာတဲ့ Woody တစ်ယောက် Andy ဆီကို ပြန်သွားပြီး မသေချာတဲ့အနာဂတ်ကို ကြောက်ရွံ့ပြီးနေထိုင်ရမဲ့ စိတ်ကို စွန့်လွှတ်နိုင်ခဲ့တယ်။ ဒါမှလည်း ဘဝရဲ့ပျော်ရွှင်မှုကို ရရှိမှာလေ။

၂။ မိတ်ဆွေများရဲ့သစ္စာနဲ့တန်ဖိုး

ဇာတ်ကားရဲ့အစပိုင်းနားလောက်ကနေစပြီး Woody တစ်ယောက် အခိုးခံသွားခဲ့ရတယ်။ ဒါပေမဲ့ Woody ရဲ့ သူငယ်ချင်းအရုပ်လေးတွေ ဘာဆက်လုပ်ကြသလဲ။ အားလုံးစုပေါင်းပြီး Woody ကို ကယ်တင်မဲ့ စစ်ဆင်ရေးတစ်ခု ဆင်းကြတော့တယ်။ ထိုစစ်ဆင်ရေးက Toy Story ဇာတ်ကားတွေထဲမှာ ကျွန်တော်အကြိုက်ဆုံး စစ်ဆင်ရေးတစ်ခု။ Buzz က ဦးဆောင်ပြီး Hamm ဆိုတဲ့ ပိုက်ဆံစုတဲ့ ဝက်ရုပ်လေးရယ်၊ Mr. Potato Head ဆိုတဲ့ အာလူးခေါင်းရုပ်လေးရယ်၊ Slinky ဆိုတဲ့ ခွေးရုပ်လေးရယ်၊ အမြဲတမ်းကြောက်တတ်တဲ့ Rex ဆိုတဲ့ Dinosaur ရုပ်လေးရယ်။ တစ်ကယ်ပါ။ ကြည့်နေရင်းနဲ့အားတက်လာတယ်။ အရုပ်ကလေးတွေ ဆိုပေမဲ့ သူတို့သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေရင် မရရတဲ့နည်းနဲ့ရအောင် ကြိုးစားပြီး သူတို့ကယ်တင်ကြတယ်။ သူတို့တွေရဲ့တစ်ယောက်ကိုတစ်ယောက် သစ္စာရှိမှုနဲ့ပေါင်းစည်းမှဟာ တစ်ကယ်ကို အားတက်စရာဖြစ်ပြီး အားကျစရာလည်း ဖြစ်စေခဲ့တယ်။ ဒါဟာ Team (အဖွဲ့အစည်း) တစ်ခုတိုင်းအတွက် မရှိမဖြစ် လိုအပ်ပြီး အခြေခံအချက်တစ်ချက်ဆိုတဲ့ သင်ခန်းစာတစ်ခုကို ကျွန်တော်တို့ရရှိခဲ့ကြပြန်တယ်။

Toy Story 3 (2010)

၁။ သေခြင်းတရား

ဒီမှာ သေခြင်းတရားကို ကျွန်တော်ဆက်ပြောရလိမ့်မယ်။ Toy Story ဇာတ်ကားတွေအကုန်လုံးမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု ရှိတယ်။ ထိုဇာတ်ဝင်ခန်းက အခု Toy Story 3 မှာ Woody တို့တစ်ဖွဲ့လုံး သေခြင်းတရားတစ်ခုကို အကုန်လုံးရင်ဆိုင်လိုက်ရတဲ့ ဇာတ်ဝင်ခန်း။ အမှိုက်တွေကို မီးအပူနဲ့ဖျက်ဆီးတော့မဲ့ incinerator ကြီးတစ်ခုက သူတို့အားလုံးရဲ့အရှေ့မှာ။ သူတို့တွေဟာ တဖြည်းဖြည်းနဲ့ထို incinerator ကြီးနဲ့နီးသထက် နီးကပ်လာပြီ။ ကြောက်စိတ်နဲ့အကုန်လုံးတော့ ပြေးတက်ဖို့ကြိုးစားကြပေမဲ့ မရတော့ဘူး။ နောက်ဆုံး ကြိုးစားလို့မရတော့ဘူးဆိုတာ သူတို့သိလိုက်တဲ့အချိန်မှာ သူတို့အရုပ်လေးတွေအကုန်လုံး တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး တစ်ယောက်ကို တစ်ယောက် စိတ်မကောင်းတဲ့ မျက်ဝန်းလေးတွေနဲ့ကြည့်နေကြတယ်။ ဟုတ်တယ်။ ဒါနောက်ဆုံးပဲ။ ဒါဟာ သူတို့ရဲ့နောက်ဆုံးအချိန်ပဲ။ ငါတို့တွေ အတူတူ သေကြရတော့မယ်ဆိုပြီး အားတင်းလိုက်တဲ့ လက်ကလေးတွေ၊ သူတို့မှိတ်လိုက်တဲ့ မျက်ဝန်းလေးတွေကို ကြည့်ပြီး ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်စတွေ ဝဲလာတယ်။ (ကျွန်တော့်အတွက်တော့ ရုပ်ရှင်တွေထဲက အကြိုက်ဆုံးဇာတ်ဝင်ခန်းတွေထဲက တစ်ခန်းပဲ။) တစ်ကယ်ပါ။ ကျွန်တော့်အတွက် လူသားအဆန်ဆုံး ထို ပြကွက်တစ်ခုကို အရုပ်တွေအကြောင်းပြထားတဲ့ Animation ဇာတ်ကားတစ်ကားထဲကနေ မြင်ခဲ့လိုက်ရတယ်။ အထက်မှာ ပြောထားတဲ့အတိုင်း သေခြင်းတရားဆိုတာ သက်ရှိတိုင်း ကြုံဆုံရမဲ့ အဖြစ်အပျက်တစ်ခု။ ဒါပေမဲ့ ထိုဖြစ်ရပ်ကို ရင်ဆိုင်ရမဲ့ အချိန်မှာ လက်ခံနိုင်ဖို့သင်ခန်းစာတစ်ခုကို ထိုဇာတ်ဝင်ခန်းက ကျွန်တော်တို့ကို သတိပြန်ပေးခဲ့တယ်။

၂။ ပြောင်းလဲခြင်းသဘောတရား။

ပြောင်းလဲခြင်း သဘောတရားကို Toy Story 3 မှာရော 4 မှာပါ အဓိက theme တစ်ခုအနေနဲ့ပြသထားတာကို တွေ့ခဲ့ရတယ်။ ဟုတ်ပါတယ်။ ပြောင်းလဲတယ်ဆိုတဲ့အရာကို ကျွန်တော်တို့တွေ ဘယ်သူမှ မနှစ်သက်ကြဘူး။ ပြောင်းလဲခြင်းဆိုတာ လောကကြီးမှာ လူတစ်ယောက်အတွက် အခက်ခဲဆုံးကာလတစ်ခုပဲလို့ကျွန်တော်မြင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ မရှောင်လွှဲလို့လည်း မရကြခဲ့ဘူး။ လောကမှာ ဘယ်အရာကမှ အတည်တကျအမြဲတမ်း ရှိမနေခဲ့ဘူး။ ချစ်တဲ့သူတွေနဲ့လည်း ကျွန်တော်တို့တွေ ဝေးကွာခဲ့တယ်။ နောက်ထပ်ချစ်တဲ့သူတွေလည်း ပြန်ပေါ်လာကြတယ်။ ဘဝမှာ ပြန်တွေးကြည့်မယ်ဆိုရင် ပြောင်းလဲခြင်းသဘောတရားတွေကပဲ အမှတ်တရတွေ ချန်ထားပေးခဲ့ကြတယ်။ ကျွန်တော်တို့လိုပဲ Woody တို့လည်း သူတို့ဘဝမှာ Andy ဟာ အမြဲတမ်း ရှိနေခဲ့လိမ့်မယ်လို့ထင်ထားခဲ့မိလိမ့်မယ်။ ဒါပေမဲ့ Andy နဲ့တစ်ကယ် ခွဲခွာဖို့အချိန်ရောက်လာတဲ့အခါမှာတော့ Woody ကိုယ်တိုုင် Andy နဲ့ခွဲခွာဖို့ဆုံးဖြတ်ချက် ချခဲ့တယ်။ ပိုင်ရှင်အသစ်ဖြစ်လာမဲ့ Bonnie ဆိုတဲ့ကလေးမလေးကို ပေးဖို့box လေးထဲမှာ Woody ကိုယ်တိုင် ဝင်နေခဲ့လိမ့်မယ်လို့ကျွန်တော်တို့တွေ မထင်ထားခဲ့ဘူူး။ ဒါပေမဲ့ Woody ဟာ ကျွန်တော်တို့ထက် ပိုလူကြီးဆန်ခဲ့တယ်။ ခွဲခွာခြင်းတွေ၊ ပြောင်းလဲခြင်းတွေကို သူ လက်မခံချင်ပေမဲ့ သူကြိုးစားပြီး လက်ခံခဲ့တယ်။ ထိုဇာတ်ဝင်ခန်းဟာ သူတို့ဘဝမှာ ပထမဆုံးအကြိမ် ကြီးမားတဲ့ပြောင်းလဲခြင်းကို ရင်ဆိုင်လိုက်ရတဲ့ အချိန်တစ်ခုပဲ။ ကားလေးမောင်းပြီး ထွက်ခွာသွားတဲ့ Andy ကို သူတို့နောက်ဆုံး ထိုင်ငေးကြည့်ပြီး ကျန်ရစ်ခဲ့ကြတယ်။ သူတို့ချစ်တဲ့ Andy နဲ့ခွဲခွာခဲ့ရပေမဲ့ သူတို့ချစ်မဲ့ Bonnie လေးက သူတို့အနာဂတ်မှာ ရှိနေခဲ့ပြီလေ။

ကျွန်တော်တို့လူသားတွေဟာ ခေါင်းမာလွန်းကြတယ်။ စိတ်အလိုကိုလိုက်ပြီး ပြောင်းလဲခြင်းတွေကို တွန်းလှန်ဖို့တိုက်ပွဲဝင်ကြတယ်။ အကယ်၍ Toy Story ထဲက အရုပ်ကလေးတွေတောင် ပြောင်းလဲခြင်းကို လက်ခံနိုင်ခဲ့ရင် ကျွန်တော်တို့လူသားတွေကလည်း ဘာကြောင့် လက်မခံနိုင်ရမှာလဲ။

Toy Story 4 (2019)

၁။ သင်ဟာ အမှိုက်မဟုတ်ဘူး

Toy Story 4 မှာ အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Forky က သူ့ကိုယ်သူ အမှိုက်တစ်ခုလို့ပဲ ခံယူထားတယ်။ သူ ကိုယ်တိုင်ကလည်း အမှိုက်တွေ၊ စွန့်ပစ်ပစ္စည်းတွေကနေပဲ ပြန်လည်လုပ်ထားခံရတဲ့ ပလပ်စတစ်ခရင်းလေးတစ်ချောင်း။ အခုလည်း တစ်ခါသုံးခရင်းလေးတစ်ချောင်းဆိုတော့ အသုံးပြုပြီး အမှိုက်ပုံးထဲမှာတောင် စွန့်ပစ်ခံပြီးပြီ။ အခုလို အမှိုက်တစ်ခုလို ဖြစ်နေတဲ့ ပလပ်စတစ်ခရင်းလေးတစ်ချောင်းဟာ သူ့ကိုယ်သူ အမှိုက်တစ်ခုလို့ခံစားရတာ မဆန်းပါဘူး။ ဒါပေမဲ့ ဘယ်အရာက ထူးဆန်းသွားသလဲဆိုတော့ English စကားတစ်ခုဖြစ်တဲ့ “One man’s trash is another man’s treasure” ဆိုတဲ့ စကားလေးက မှန်ကန်လွန်းတယ်ဆိုတာပဲ။ အများစုကတော့ ထိုစကားကို relationships တွေမှာ အသုံးပြုကြတာ များပါတယ်။

ဒါပေမဲ့ ပြန်စဉ်းစားလိုက်တော့ ထိုအမှိုက်လေးဟာ Bonnie လေးအတွက်တော့ တစ်ကယ့် ရတနာတစ်ပါး တစ်ခုဖြစ်ခဲ့တယ်။ ထို Forky လေးဟာ Bonnie လေးရဲ့အစောပိုင်းမှတ်ဉာဏ်လေးထဲမှာ အရေးပါတဲ့ အရာလေးတစ်ခုဖြစ်လာမယ်ဆိုတာ Woody တစ်ယောက် သိခဲ့တယ်။ Bonnie လေး kindergarten စတက်တဲ့ နေ့မှာ မထင်မှတ်တဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့တယ်။ ထိုနေ့ဟာ Bonnie လေးအတွက်တော့ တိုက်ပွဲတစ်ခုကို ထွက်တိုက်ရသလို ကြောက်လန့်နေခဲ့တယ်။ ထိုကျောင်းလေးမှာလည်း သူ့အတွက် အဖော်တွေမရှိနေခဲ့ဘူး။ အားငယ်နေတဲ့ Bonnie လေးအတွက် အလှည့်အပြောင်းဖြစ်လာတာကတော့ သူကိုယ်တိုင်ဖန်တီးလိုက်တဲ့ သူ့ရဲ့အနုပညာလေးတစ်ခုဖြစ်တဲ့ Forky လေးပဲ။ Forky လေးကို သူဖန်တီးပြီးပြီးချင်းပဲ Bonnie လေး ပျော်ရွှင်သွားတယ်။ အစက ကြောက်ရွံ့ဝမ်းနည်းနေတဲ့ စိတ်ကလေးတွေလည်း ပျောက်ဆုံးသွားတယ်။ Bonnie လေး ပျော်ရွှင်အောင် လုပ်နိုင်သူဟာ Forky လေးဆိုတာ Woody ကိုယ်တိုင်မြင်ခဲ့ရတယ်။ ပြီးတော့ Forky လေးဟာ Bonnie ရဲ့ kindergarten ပထမဆုံးနေ့မှာ ဖန်တီးခဲ့တဲ့ ပထမဆုံးအနုပညာလေးပဲ။ ဒါကြောင့် Bonnie လေးအတွက် Forky ဟာ ဘယ်လောက်အရေးပါသလဲဆိုတာ Woody သိခဲ့တာပေါ့။ ဒါကြောင့်လည်း Forky တစ်ယောက် ဘယ်လိုပဲ ထွက်ပြေးထွက်ပြေး Woody တစ်ယောက် အနစ်နာခံပြီး မရရအောင် ပြန်လည် ခေါ်ဆောင်ဖို့ကြိးစားခဲ့တာ။ အမှန်တော့ Bonnie လေး ပျော်ရွှင်ဖို့အတွက် Woody ဟာ အရာအားလုံးကို စွန့်လွှတ်ဖို့ဝန်မလေးခဲ့ဘူး။

ကယ်တင်ခဲ့တဲ့ လမ်းတစ်လျှောက်မှာလည်း Forky ကို အမှိုက်တစ်ခုမဟုတ်ဘူးလို့Woody တစ်ယောက်အမြဲတမ်း အားပေးစကားပြောခဲ့တယ်။ တစ်ကယ်တော့ Forky က အမှိုက်ဘဝကို စိတ်ပျက်လို့တော့မဟုတ်ဘူး။ သူ့ဘဝမှာ သူပျော်တယ်။ ဒါပေမဲ့ ဘယ်သူမှ လောကကြီးမှာ အမှိုက်မဟုတ်ဘူး။ အရာတိုင်း၊ အရာတိုင်းဟာ သူ့နေရာနဲ့သူ အသုံးတည့်ပြီး တန်ဖိုးရှိတယ်ဆိုတာကို ဝင်္ကဝတ္တိအင်္လကာ သဘောမျိုးနဲ့သွယ်ဝိုက်ပြီး Toy Story 4 က ကျွန်တော်တို့ကို သင်ခန်းစာတွေ ပေးခဲ့တယ်။

ဒီနေရာမှာတင် ကျွန်တော် မြင်ခဲ့တဲ့အချက်နောက်တစ်ခုက ကလေးတွေရဲ့စိတ်တွေကိုပဲ။ ကလေးတွေဟာ တစ်ခါတစ်လေကြရင် ဘာမှ မဟုတ်တဲ့အရာလေးတွေကို တွယ်တာမြတ်နိုးတတ်ကြတယ်။ ဒါကို လူကြီးတွေက ဘာကြောင့်ဆိုတာ နားမလည်ခဲ့ကြဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း အရုပ်မဟုတ်ပဲ တစ်ချို့အရာလေးတွေနဲ့connections လေးတွေရှိသွားပြီး ချစ်တတ်သွားကြတယ်။ ဒါတွေကို အခုကျွန်တော်တို့တွေ မေ့နေကြပြီ။ ကလေးတွေမှာ ထိုအရာဝတ္ထုလေးတွေတစ်ချို့နဲ့ပတ်သက်ပြီး အမှတ်တရတွေ၊ အကြောင်းအရာတွေရှိလို့ဆိုတာကို ဖခင်တိုင်း၊ မိခင်တိုင်း ဒီဇာတ်ကားလေးကြည့်ပြီး မြင်နိုင်ပါစေလို့တော့ ကျွန်တော်ဆုတောင်းမိတယ်။

၂။ အတိတ်ကို  ဖက်တွယ်ခြင်း

လူသားအများစုဟာ အတိတ်မှာ နေထိုင်နေကြတယ်။ အတိတ်ကို ပြန်တမ်းတကြတယ်။ အတိတ်ကို ပြန်လွမ်းကြတယ်။ ဘာလို့လဲဆိုတော့ အတိတ်ဟာ သူတို့နဲ့အသားကျခဲ့လို့ပဲ။ ဒီဇာတ်ကားထဲမှာ Woody ဟာ မကြာခဏဆိုသလို Andy နဲ့Bonnie ကို မှားခေါ်တတ်တယ်။ တစ်ခြားအရုပ်ကလေးတွေက သူ့ကို အမြဲတမ်း Andy နဲ့Bonnie  က မတူဘူးဆိုတာ သတိပေးရတယ်။ သူ့ရဲ့မသိစိတ်ထဲမှာ သူဟာ Andy နဲ့ရှိနေတုန်းပဲလို့ထင်ချင်ထင်မိနေခဲ့လိမ့်မယ်။ ဒါကြောင့်လည်း Andy နဲ့ရခဲ့တုန်းက role ကို Woody တစ်ယောက် ဆက်လက်ထမ်းဆောင်နေတုန်းပဲ။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက Bonnie အတွက်တော့ Woody ဟာ သူမရဲ့အကြိုက်ဆုံးအရုပ်ကလေးတစ်ရုပ် မဟုတ်ခဲ့ဘူး။ ဇာတ်ဝင်ခန်းတစ်ခုမှာ Bonnie က Woody ရင်ဘတ်က ကြယ်တံဆိပ်လေးကို ဖြုတ်ပြီး Jesse ရဲ့ရင်ဘတ်မှာ တပ်ဆင်ပေးလိုက်တယ်။ ဒီနေရာမှာတင် ကျွန်တော်တို့ပရိသတ်တွေကို အခုဇာတ်ကားမှာ Woody ရဲ့ဘဝအပြောင်းအလဲတွေကို ရင်ဆိုင်ရတော့မယ်ဆိုတဲ့ သတိတစ်ခု ပေးလိုက်တယ်။

ဇာတ်လမ်းရဲ့တစ်နေရာမှာ ကျွန်တော်တို့တွေ Bo Peep နဲ့ပြန်တွေ့ကြတယ်။ Bo Peep ကတော့ Woody လို အတိတ်ကို ဖက်မတွယ်နေဘူး။ သူမကို ပိုင်ရှင်က စွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူမဘဝကို သူမပြန်လည်ရှေ့ဆက်တယ်။ သူမမှာ ရှေ့ဆက်ရမဲ့ ဘဝရည်မှန်းချက်အသစ်တွေလည်း ရှိနေခဲ့တယ်။ ဒါဟာ အခု Toy Story 4 ရဲ့အဓိက သင်ခန်းစာပဲ။ Woody ကိုယ်တိုင်လည်း တစ်ချိန်ချိန်မှာတော့ အတိတ်ကို မဖြစ်မနေ စွန့်လွှတ်ရတော့မယ်။ အခုလက်ရှိအချိန်မှာ အသင့်တော်ဆုံးအရာကို နားလည်ပြီး လက်ခံရတော့မယ်။

ဇာတ်လမ်းရဲ့နောက်ထပ်တစ်နေရာမှတော့ာ Duke Caboom ဆိုတဲ့ အရုပ်ဇာတ်ကောင်အသစ်နဲ့ကျွန်တော်တို့ပရိသတ်ကို မိတ်ဆက်ပေးတယ်။ Duke က Canada ရဲ့နာမည်ကျော် ဆိုင်ကယ်စီးစတန့်သမားအရုပ်လေး။ သူ့ကိုစဝယ်လာတော့ သူ့ပိုင်ရှင်လေးက သူ့ကိုချစ်တာပေါ့။ ဒါပေမဲ့ ကြော်ငြာတွေထဲကလိုမျိုး မဖြစ်တော့ Duke အရုပ်လေးကို ပိုင်ရှင်က မကြိုက်တော့ပဲ အခုလို စွန့်ပစ်ခံလေး ဖြစ်လာတယ်။ ဒီမှာတင် သူ့ဘဝတစ်လျှောက်လုံးမှာ အရိပ်တစ်ခုအဖြစ်နဲ့စိတ်ပိုင်းဆိုင်ရာ အမာရွတ်လေးတစ်ခု ရသွားခဲ့တယ်။ သူ့တာဝန်က ဆိုင်ကယ်လေးနဲ့စတန့်လေးတွေ လုပ်ပြရမှာ။ ဒါပေမဲ့ အခုတော့ သူ့ကိုယ်သူယုံကြည်မှု မရှိတော့ဘူး။ သူလည်း အတိတ်က အရိပ်ဆိုးထဲမှာ ရှင်သန်နေရတုန်းပဲ။ ဒါပေမဲ့ သူတို့ရဲ့စွန့်စားခန်းတစ်နေရာမှာ Bo Peep က သူ့ကို စကားတစ်ခွန်းပြောလိုက်တယ်။

“Be the Duke you are right now.”

ဒီစကားလေးက Duke Caboom တစ်ယောက်တည်းကိုပဲ အားတက်စေခဲ့တာ မဟုတ်ဘူး။ Woody ကိုလည်း အမြင်မှန်ရသွားစေခဲ့တော့တယ်။

ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ ပြောင်းလဲခြင်းဆိုတာ ဘယ်သူမှတော့ လက်ခံချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ “အရာအားလုံးဟာ ကောင်းဖို့အတွက်ဖြစ်လာတာ” ဆိုတဲ့ အားပေးစကားတစ်ခုအတိုင်းပဲ ပြောင်းလဲခြင်းတစ်ချို့ဟာ ပိုကောင်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးတတ်ကြပါတယ်။ တံခါးတစ်ချပ် ပိတ်သွားတဲ့အချိန်မှာ နောက်ထပ်တံခါးတစ်ချပ် ပွင့်လာတယ်ဆိုတဲ့ စကားကို မမေ့ကြပါနဲ့ဆိုတာကို Toy Story 4 က ကျွန်တော်တို့ကို သင်ခန်းစာပေးခဲ့တယ်။ Major spoiler ဖြစ်တာကြောင့် ကျွန်တော် ဘာကြောင့်လဲဆိုတာ မပြောလိုတော့ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အရာအားလုံးဟာ အရင်လို မဟုတ်တော့ဘူး ဆိုတာပဲ။ ကျွန်တော့်အတွက်တော့ အကောင်းဆုံး ဇာတ်သိမ်းတစ်ခုဖြစ်ခဲ့တယ်။ Toy Story ပထမဇာတ်ကားထဲက စတင်ခဲ့တဲ့ Woody ဇာတ်ကောင်ရဲ့character arc ကို ပြီးပြည့်စုံစေခဲ့တယ်လို့မြင်တယ်။

နိဂုံး

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် Toy Story ဇာတ်ကားတွေက မိမိကိုယ်ကို ယုံကြည်ဖို့ကျွန်တော်တို့ကို အားပေးခဲ့တယ်။ သူငယ်ချင်းကောင်းတွေဆိုတာ ဘဝမှာတန်ဖိုးအထားရဆုံးလူသားတွေဆိုတာ မမေ့ဖို့လည်း ပြောခဲ့တယ်။ မိမိဟာ အမြဲတမ်းထိပ်ဆုံးမှာပဲ ရှိမနေပဲ မိမိထက်ပိုတော်၊ ပိုသာလွန်တဲ့လူတွေ ရောက်လာခဲ့ရင် လက်ခံဖို့ကိုလည်း သင်ကြားပေးခဲ့တယ်။ ထို့အပြင် သေခြင်းတရားတို့၊ အပယ်ခံဘဝတို့ဆိုတာတွေကလည်း လူသားတိုင်းရဲ့ဘဝမှာ ရှိနေမယ်ဆိုတာ သတိပေးခဲ့တယ်။ နောက်ဆုံးမှာတော့ ခွဲခွာခြင်းတို့ပြောင်းလဲခြင်းတို့တွေကို လက်ခံဖို့ဥပမာတွေပေးပြီး ကျွန်တော်တို့ဘဝတွေအတွက် သင်ခန်းစာတွေပေးခဲ့တယ်။

နှုတ်ဆက်ရခြင်းတွေကို ကျွန်တော်မုန်းတယ်။ ဒါပေမဲ့ ဒီနေရာမှာတင် ကျွန်တော်တို့နဲ့အတူတူ ကြီးပြင်းလာတဲ့ Toy Story ကို ကျွန်တော် နောက်ဆုံးနှုတ်ဆက်လိုက်ပါတော့တယ်။

W.H

WH
WH
7 min read