မိတ်ဆွေဟာ ရုပ်ရှင်ကြည့်တိုင်း ပြင်ပလောကယုတ္တိဗေဒနဲ့ ယှဉ်ထိုးကြည့်ရှုတတ်သူဆိုရင်တော့ ဒီကားကိုကြိုက်မှာမဟုတ်တာ သေချာပါတယ်။ ဒီကားမျိုးဟာ သူ့ကိုယ်ပိုင် ယုတ္တိဗေဒကို သူ့ဘာသာပြဋ္ဌာန်းထားတဲ့ ဇာတ်ကားမျိုးပါ။ ဒီကားကို ခံစားဖို့ ဒီကားရဲ့ ကိုယ်ပိုင်ကမ္ဘာထဲ လိုက်ပါဝင်ရောက်မှရပါလိမ့်မယ်။ သို့တိုင်အောင်လည်း ကြိုက်မယ်၊ မကြိုက်ဘူးကတော့ ကျွန်တော် ဘယ်အတတ်ပြောနိုင်မလဲ။ မိတ်ဆွေအပေါ်မှာပဲ လုံးလုံးလျားလျားမူတည်တဲ့ကိစ္စ။
ဒီလို စကားခံနေရတာက ဒီကားရဲ့ ဇာတ်လမ်းဟာ တော်တော်အူကြောင်ကြောင်နိုင်လို့ပဲ။
လွန်ခဲ့သောဆယ်နှစ်က

  • ချစ်စရာချာတိတ်မလေးတစ်ယောက်ရဲ့ သွားတိုက်ဆေးကြော်ငြာလေးတစ်ခုရှိခဲ့တယ်။
  • ရုပ်ရှင်ဒါရိုက်တာရူးတစ်ယောက်နဲ့ သူငယ်ချင်းတစ်သိုက်ဟာ အောင်မြင်ကြီးမြတ်တဲ့ရုပ်ရှင်တစ်ကားဖန်တီးနိုင်ရပါလို၏ လို့ ရုပ်ရှင်နတ်ဘုရားဆီ ဆုပန်ကြတယ်။
  • ယာကူဇာဂိုဏ်းချုပ်ကြီး မူတိုဟာ အပျော်မယားတစ်ယောက်ရဲ့အိမ်မှာရောက်နေခဲ့တယ်။
  • မူတိုကတော်ဟာ သူ့ယောကျာ်းကိုလုပ်ကြံဖို့ရောက်လာတဲ့ ပြိုင်ဖက်ယာကူဇာဂိုဏ်းသားတွေကို ဟင်းလှီးဓားနဲ့ခုတ်သတ်လိုက်တယ်။ (တစ်ယောက်ပဲရှင်ကျန်တယ်။)
  • ရှင်ကျန်ခဲ့တဲ့ တစ်ယောက်နဲ့ မူတိုရဲ့ သမီး ကြော်ငြာမင်းသမီးငယ်လေးနဲ့တစ်ခဏဆုံကြတယ်။
  • မူတိုကတော်က လူသတ်မှုနဲ့ ထောင်ဆယ်နှစ်ကျတယ်။ မူတိုဟာ ကြေကွဲ ဒေါသူပုန်ထခဲ့တယ်။
    ဆယ်နှစ်အကြာ
  • ရုပ်ရှင်ဒါရိုက်တာရူးနဲ့ သူငယ်ချင်းတစ်သိုက်ဟာ handheld 8mm ကင်မရာလေးတွေနဲ့ amateur ကားလေးတွေရိုက်ကူးတဲ့အဆင့်ကတက်မလာသေးဘူး။
  • မူတိုကတော် ထောင်ကလွတ်ဖို့ ဆယ်ရက်သာကျန်တယ်။
  • မူတိုက သူ့ဇနီးထောင်ကလွတ်လာရင် သူတို့သမီးလေးကို ခေါင်းဆောင်မင်းသမီးတင်ရိုက်ထားတဲ့ ရုပ်ရှင်ကားနဲ့ကြိုဆိုချင်တယ်။
  • မူတို့သမီးဟာ အိမ်ကထွက်ပြေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က သူ့ကြော်ငြာလေးကိုကြည့်ပြီးစွဲလမ်းခဲ့ဖူးသူ ကောင်လေးနဲ့ဆုံတယ်။
  • မူတိုရဲ့ပြိုင်ဘက် ယာကူဇာဂိုဏ်းခေါင်းဆောင် (ရှင်ကျန်ခဲ့တဲ့ တစ်ယောက်) ဟာ မူတို့သမီးကိုစွဲလမ်းနေတယ်။
  • မူတိုဟာ ဆယ်ရက်အတွင်းမှာ ရုပ်ရှင်တစ်ကားလည်းပြီးအောင်ရိုက်ရမယ်၊ ပြိုင်ဘက်ဂိုဏ်းနဲ့လည်း သူသေကိုယ်သေ ချဲရတော့မယ့်အခြေအနေရှိနေတယ်။ ဒီမှာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အနေနဲ့ ဂိုဏ်းနှစ်ခု အသားကုန်ဆော်ကြပုံကို ရုပ်ရှင်ရိုက်မယ်တဲ့။
  • ဒီမှာပဲ လွန်ခဲ့သောဆယ်နှစ်က ရုပ်ရှင်ရိုက်ကူးဖို့ ဆုပန်ခဲ့ဖူးတဲ့ ရုပ်ရှင်ရူးတစ်သိုက် ဆုတောင်းပြည့်ဖို့ဖြစ်လာတယ်။
    (တွေ့လား...ဘယ်လောက်ကြောင်လိုက်တဲ့ဇာတ်လမ်းလဲ)
    ဇာတ်လမ်းကတင် အူကြောင်ကြောင်နိုင်တာမဟုတ်၊ တင်ပြပုံကလည်း  ကြောင်ကြောင်ကျားကျားပဲ။ ကြောင်တောင်တောင် ကာရိုက်တာတွေကို သရုပ်ဆောင်တွေက ကြောင်တောင်တောင်ပဲ သရုပ်ဖော်ပြတယ်။ ရယ်ရတယ်။ သို့သော် ရယ်ရမှာလိုလို၊ မရယ်ရမှာလိုလို အူလည်လည် အခန်းတွေကလည်းများတယ်။ ဥပမာ - ခေါင်းပြတ်ကြီးကနေ peace sign လက်နှစ်ချောင်းထောင်ပြတာဆိုရင် မိတ်ဆွေ ရယ်မှာလား၊ မရယ်ဘူးလား။ လက်တစ်ဖက်က ကင်မရာ၊ လက်တစ်ဖက်က M16 ကိုင်ပြီးဆွဲတာတွေလည်းပါသေးတယ်။ အရည်ရွှမ်း ခရမ်းချဉ်သီးတစ်လုံးကို ပစ်ပေါက်လိုက်သလို သွေးသံတရွှဲရွှဲတွေက တစ်ကားလုံး ဒင်းကြမ်းပြည့်နေတယ်။ ခေါင်းပြတ်တွေ၊ ခြေပြတ်၊ လက်ပြတ်တွေ မိုးပေါ်ပလူပျံနေတယ်။ လည်ပင်း carotid artery ကနေ သွေးစိမ်းရှင်ရှင်တွေက မီးသတ်ပိုက်ကထွက်သလို ပန်းထွက်နေတယ်။ အဲ့တာတွေကြားထဲကကို မိတ်ဆွေက ဟာသတွေတွေ့နေရမှာ။
    ဒီကားက အဖြစ်အပျက်တွေဟာ တစ်ကျော့ပြန်ဖြစ်တတ်တဲ့သဘောကိုပြချင်တာ၊ အိပ်မက်တွေဟာစစ်မှန်ရင် တကယ်ဖြစ်လာနိုင်တဲ့အကြောင်းပြောချင်တာ၊ အနုပညာသမားတွေရဲ့ အတ္တဆန်တတ်မှုကို သရော်ချင်တာ၊ ချစ်ခြင်းဟာ အမျိုးမျိုးသော ထူးဆန်းမှုတွေနဲ့တည်ရှိနေတတ်တာကို သရုပ်ဖော်ချင်တာ စသဖြင့် စကားလုံးအကြီးကြီးတွေနဲ့ လျှောက်ပြောရင်တော့ရတာပေါ့။ ဒါပေမယ့် ဘာလုပ်မလဲ။ တစ်ခုမှမှ မဟုတ်တာ။ တကယ်အမှန်က ဒါရိုက်တာ Sion Sono စိတ်ကူးပေါက်တဲ့၊ စိတ်ရူးပေါက်တဲ့အတိုင်း ရိုက်ချင်သလိုရိုက်ထားတာ။ ကျွန်တော်တော့ အဲလိုပဲမြင်တာပဲ။ နောက်ဆုံး စာတန်းထိုးခါနီး Sion Sono လုပ်ပြသွားတဲ့အကွက်က ဒီအချက်ကိုသေချာစေတယ်။
    ကျွန်တော်ထင်တယ်။ မိတ်ဆွေဟာ ဒီကားကိုကြည့်လိုက်မိတယ်ဆိုရင် ဒီကားရဲ့ weirdness ကို တစ်နည်းတစ်ဖုံ ရင်ထဲ စွဲငြိနှစ်သက်မိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့မဟုတ်ရင်တော့ "တယ်ကြောင်တဲ့ကားပဲ" လို့ မိတ်ဆွေ ရေရွတ်မိလိမ့်မယ်ထင်တယ်။ အလယ်အလတ်လမ်းစဉ်တော့ ဒီကားအတွက်ရှိလိမ့်မယ် မထင်ဘူး။
    "Cut!"

  • ~Miller~