X-Men: Apocalypse
X-Men ဇာတ်ကားတွေဟာ ပရိသတ်တွေကို တန်ဖိုးထားရုံသာမက ဇာတ်ကောင်တွေကိုပါ တန်ဖိုးထားလေ့ရှိပါတယ်။ X-Men: Apocalypse ယခုဇာတ်ကားဟာ တစ်ချို့ဇာတ်ကောင်တွေရဲ့နိဒါန်းဖြစ်ပြီးတော့ တစ်ချို့ဇာတ်ကောင်တွေအတွက်တော့ နိဂုံးပေါ့။ ကျွန်တော် ဒီဇာတ်ကားကို အလွန်နှစ်သက်မိတဲ့အကြောင်းအရင်းတစ်ချက်က X-Men ပရိသတ်တစ်ယောက်အနေနဲ့ရင်းနှီးပြီးသားဇာတ်ကောင်တွေကို မရိုးအီအောင် တင်ပြနိုင်ခြင်းပဲ။ ကျွန်တော့်အတွက်တော့ X-Men ဇာတ်ကားတွေဟာ ဘယ်တော့မှ မရိုးခဲ့ပါ။ ယခုဇာတ်ကားသည်လည်း ဝေဖန်ရေးဆရာတွေရဲ့ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရတဲ့ကြားထဲက ကျွန်တော့်အတွက်တော့ ရတနာတစ်ပါးပဲ။
အတိတ်တစ်ခုခု (သို့မဟုတ်) အနာဂတ်တစ်ခုခုနဲ့စတင်လေ့ရှိတဲ့ X-Men ဇာတ်ကားတွေရဲ့ဇာတ်အဖွင့်အတိုင်း ဒီဇာတ်ကားကိုလည်း ဟိုး လွန်လေပြီးတဲ့ ရှေးဟောင်း Egypt ရဲ့အတိတ်ကာလတစ်ခုမှာ စတင်ထားတယ်။ ဘုရားသခင်ဆိုတဲ့ အယူဝါဒတွေကို လွှမ်းမိုးနေတဲ့ကာလဆိုတဲ့အတိုင်း သူ ပိုင်ဆိုင်တဲ့စွမ်းအင်ကို နားမလည် အရင်းအမြစ်ကို မသိတော့ သူ့ကိုယ်သူ ဘုရားသခင်တစ်ပါးလို့ယုံကြည်ခဲ့တဲ့သူ။ သူရဲ့ခန္ဓာကို တစ်ခြားခန္ဓာတစ်ခုဆီကို လွှဲပြောင်းတဲ့ပွဲသဘင် အခမ်းအနားမှာ သူယုံကြည်တဲ့လူတွေရဲ့သစ္စာဖောက်ခြင်းခံရပြီး ထို 3600 BC လောက်မှာ သူဟာ ဂူသွင်းခံခဲ့ရတယ်။ ယခုနှောင်းပိုင်း ခေတ်ရဲ့လူတစ်စုကြောင့် သူပြန်နိုးလာတော့ 1983 ခုနှစ်ကိုတောင် ရောက်နေပြီ။ ကမ္ဘာကြီးဟာ ပြောင်းလဲခဲ့ပြီ။ အချိန်နဲ့နည်းပညာတွေနဲ့အညီ လူသားတွေဟာ ပြောင်းလဲခဲ့ပြီ။ ထိုပြောင်းလဲခြင်းကို မြင်လိုက်ရတဲ့ ရှေးဟောင်း Egypt က စွမ်းအားရှင်တစ်ယောက်ဟာ သူ့လို ဘုရားသခင်မရှိပဲ လူသားတွေ လမ်းပျောက်နေကြပြီ ဆိုပြီး ကမ္ဘာဆေးဖို့အကြံကြီး ကြံတော့တာပေါ့။ သူ ဆိုတာက En Sabah Nur လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး Mutant ကြီးပဲ။ အင်း Apocalypse လို့လည်း ခေါ်လို့ရတာပေါ့။ သူဟာ တစ်ကယ့် ကမ္ဘာဖျက်မဲ့ Apocalypse ကြီးပဲလေ။
သူ့ရဲ့ကမ္ဘာဆေးမဲ့ စီမံကိန်းထဲမှာ မပါမဖြစ်ပါဝင်လာရမဲ့ သူရွေးချယ်ခဲ့တဲ့ The Four Horsemen တွေကတော့ Ororo Munroe / Storm, Angel / Archangel, Psylocke နဲ့ Erik Lehnsherr / Magneto တို့ 4 ယောက်ပဲ ….
ဒီဘက်နှစ်တွေမှာ MCU ရဲ့အောင်မြင်မှုတွေနဲ့DCEU ရဲ့ယှဉ်ပြိုင်မှုတွေရဲ့ကြားကနေ သီးသန့်ခွဲထွက်နေခဲ့တာ X-Men Universe ပဲ။ သီးသန့်ဆိုတဲ့အတိုင်း သီးသန့်ပါပဲ။
X-Men ဇာတ်ကားတွေရဲ့အဓိကဇာတ်ကြောင်းပြောခြင်းမှာ Friendships မှာ ယုံကြည်ခြင်း စည်းလုံးခြင်း အစရှိတဲ့အကြောင်းအရာတွေကို အမြဲမီးမောင်းထိုးပြခဲ့တယ်။ လူတစ်ချို့ဟာ ပတ်ဝန်းကျင်ရဲ့ဖိအားတွေနဲ့အတွင်းစိတ်ရဲ့အားနည်းမှုတွေကြောင့် လူဆိုးဆိုပြီးဖြစ်လာကြတယ်။ Magneto ဟာ ဘယ်တုန်းကမှ လူဆိုးမဖြစ်ခဲ့ဘူး။ ငယ်ရွယ်စဉ်တုန်းက ဒုတိယကမ္ဘာစစ်အကျဉ်းစခန်းမှာ မိမိရဲ့စွမ်းအင်ကြောင့် မိမိရဲ့မိခင်ဖြစ်သူသေဆုံးခဲ့ရခြင်းတွေကြောင့် အမုန်းတရားတွေရဲ့နောက်ကွယ်မှာ နေတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူဟာ လူကောင်းဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်။ First Class မှာတုန်းက သူငယ်ချင်းဖြစ်သူ Charles Xavier ရဲ့အကူအညီနဲ့လူကောင်းဖြစ်လာနိုင်ခဲ့ပေမဲ့ အခြေအနေဆိုးတွေကြောင့် လူဆိုးပြန်ဖြစ်ခဲ့ရတယ်။ ယခုဇာတ်ကားမှာလည်း သူဟာငြိမ်းချမ်းတဲ့ လူသားတစ်ယောက်အဖြစ်နဲ့ဥရောပတောရွာလေးတစ်ခုမှာ အလုပ်လုပ်ကိုင်ပြီး ချစ်သောဇနီးတစ်ယောက်နဲ့သမီးလေးတစ်ယောက်နဲ့အတူ သာမာန်ဘဝမှာ ပျော်မွေ့နေတဲ့သူ့ပေါ့။ ဒါပေမဲ့ဗျာ။ လူ့တစ်ချို့ရဲ့ဘဝဟာ ဝဋ်ကြွေးဆိုးတွေကြောင့်ပဲလားလို့အကြောင်းပြချက်ပေးရမလား မသိဘူး။ မည်ကဲ့သို့ပင် လောကမှာ ကောင်းအောင်ကြိုးစားပြီးနေနေ ကံကြမ္မာနဲ့ဘေးပတ်ဝန်းကျင်က လူသားတွေနဲ့လောကကြီးဟာ သူ့တို့အပေါ်ရက်စက်တတ်ကြတယ်။ လူကောင်းကနေ လူဆိုးအဖြစ်ကို ပြန်ပို့တတ်ကြတယ်။ ဒါဟာ လောကကြီးရဲ့ရက်စက်မှုပဲ။ ထိုရက်စက်မှုရဲ့အောက်မှာ Magneto ဟာ နောက်တစ်ကြိမ် ထပ်မံ ကျရှုံးရပြန်တယ်။ X-Men ဇာတ်ကောင်တွေထဲမှာ ကျွန်တော် နားအလည်နိုင်ဆုံးဇာတ်ကောင်ဟာ Magneto ပါပဲ။ အမည်းရောင်ကို အဖြူရောင် ရောလိုက်လို့မီးခိုးရောင်ဖြစ်လာနိုင်ပေမဲ့ ဘယ်တော့မှ အဖြူစစ်စစ် ဖြစ်မလာနိုင်ပါ။ ကျွန်တော့်အတွက်တော့ ကောင်းခြင်း ဆိုးခြင်း အစရှိတဲ့ လူကောင်း လူဆိုးဆိုတဲ့ လူ့ဘောင်အသိုင်းအဝိုင်းက ခေါ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအောက်မှာ လူသားတွေ အရှုံးပေးလိုက်ရတာကို မြင်ရခြင်းဟာ အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်။
“Does it ever wake you in the middle of the night? The feeling that one day, they'll come for you? And your children?”
လို့ Erik Lensherr/ Magneto ရဲ့အမေးကို
“I feel a great swell of pity for the poor soul who comes to my school looking for trouble.”
ဆိုတဲ့ Charles Xavier ရဲ့အဖြေဟာ Charles အနေနဲ့လောကကြီးကို မြင်ပုံဟာ လေးစားအထင်ကြီးစရာကောင်းလှပါတယ်။ Charles ရဲ့ဇာတ်ကောင်ဟာ Erik ရဲ့ဇာတ်ကောင်လို ဝင်ရောက်နာကျည်း ခံစားပေးစရာ မရှိပေမဲ့ သူ့ရဲ့အတွေးအခေါ်တွေနဲ့လောကကြီးကို လက်ခံပုံဟာ အလွန်လေးနက်ပြီး လေးစားအတုယုဖွယ်အတိဖြစ်တယ်။ ဒီဇာတ်ကားဟာ Charles ကို ဗဟိုပြုထားပြီး Apocalypse ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ခု။ Charles ဟာ ဆရာကောင်းတစ်ယောက်။ ခေါင်းဆောင်ကောင်းတစ်ယောက်။ လောကကို အမှန်နဲ့အမှား မခွဲခြားတဲ့လူတစ်ယောက်။ နားလည် သည်းခံခွင့်လွှတ်တတ်တဲ့ မဟာလူသားတစ်ယောက်။ ဆရာကောင်းတစ်ယောက်လို့ကျွန်တော်ဘာကြောင့် ပြောရသလဲဆိုရင် သူ့ရဲ့တပည့်တွေထဲမှာ အတော်ဆုံးဖြစ်တဲ့ Jean Grey ကို သူမသည် မည်သူလဲဆိုတာကို ကိုယ်တိုင်သိအောင် ယခုဇာတ်ကားတွင် သင်ပေးနိုင်ခဲ့တဲ့အတွက်ရယ် The Last Stand ဇာတ်ကားတွင် မိမိကိုယ်တိုင် အသက်ကို စတေးခံပြီး Jean Grey ကို လမ်းမှန်ရောက်အောင် ကြိုးပမ်းခဲ့ခြင်းတွေကြောင့်ပါ။
ဒီဇာတ်ကားရဲ့အကြီးမားဆုံးပြဿနာတစ်ခုက အဓိကလူဆိုးဖြစ်တဲ့ Apocalypse ကို သရုပ်ဖော်ထားခြင်းပဲ။ သရုပ်ဆောင်ဖြစ်တဲ့ Oscar Isaac ရဲ့အပြစ်တော့မဟုတ်ပေ။ ဇာတ်ညွှန်းရေးသူတွေရဲ့ဇာတ်လမ်းကို ခပ်မြန်မြန်ဆွဲတင်လိုက်မိတဲ့အချက်ကြောင့်ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့မျိုးကို မနှစ်က The Fantastic Four နဲ့Avengers: Age of Ultron တို့မှာလည်း တွေ့ခဲ့ရတယ်။ Apocalypse ကို အမှန်ကန်ဆုံးသရုပ်ဖော်မယ်ဆိုရင် ရုပ်ရှင်တစ်ကားတည်းနဲ့မလုံလောက်ပါ။ သူဟာ MCU ထဲက Thanos လိုဇာတ်ကောင်ကြီးတစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကားတစ်ကားတည်းနဲ့တင်ပြရတာ အားနည်းချက်တွေရှိတယ်ဆိုတာ ရှောင်လွှဲလို့မရနိုင်ပါ။ ဇာတ်လမ်းကို ယခု Theatrical Version ထက် ပိုကြာကြာတင်ပြနိုင်ခဲ့ရင်တော့ ပိုကောင်းမိမယ်လို့ကျွန်တော် ယူဆမိတယ်။ နောက်တစ်ချက်က အရွယ်အစား။ ကျွန်တော့်အတွက် Apocalypse ကို Comic ထဲကလောက် အထိတ်တလန့်မဖြစ်ခန့်။ အရွယ်အစားပိုမိုကြီးမားတဲ့ သရုပ်ဆောင်တစ်ယောက်ကို သရုပ်ဆောင်ခိုင်းခဲ့မယ်ဆိုရင်တော့ မဆိုးဘူးလို့ထင်ပြန်တယ်။ ရုပ်ရှင်ထဲမှာ ပုံဖော်ထားတာ သူ့ကို ခေါင်းဆောင်တစ်ယောက်လို့မည်ကဲ့သို့မှ မမြင်မိခဲ့ဘူး။ ထို့အပြင် သူ့ရဲ့Power ကို သရုပ်ဖော်ထားခြင်းဟာလည်း လူဆိုးတစ်ယောက်ရဲ့ Motovation ပျောက်ကွယ်နေသလို ခံစားခဲ့ရတယ်။
ဇာတ်လမ်းဟာ ပြန့်ကြဲမှု မရှိပေမဲ့ မလိုအပ်တဲ့အခန်းတွေ ပါဝင်တယ်လို့ကျွန်တော်မြင်မိတယ်။ ဒါကြောင့် ဒီဇာတ်ကားဟာ ထုံးစံအတိုင်း တည်းဖြတ်သူရဲ့အပြစ်တစ်ခုလို့ပဲ အလွယ်တကူပြောလို့တော့ရတယ်။ ဇာတ်ညွှန်းရေးဆရာတွေကို တစ်ခုချီးကျူးချင်မိတာတစ်ခုက ယခုဇာတ်ကားရဲ့Main Plot ကြီးထဲကနေ အရင်ဇာတ်ကားတွေနဲ့ပြန်လည်ချိတ်ဆက်လို့ရအောင် ထည့်ပေးထားတဲ့ Sub-plots တွေပဲ။ ထို sub-plots လေးတွေကြောင့် ပရိသတ်ဟာ အရင် X-Men ဇာတ်ကားတွေရဲ့အငွေ့အသက်လေးတွေပြန်ရပြီး မငြီးငွေ့ပဲ နှစ်သက်ခဲ့ကြရတာပေါ့။
X-Men ဇာတ်ကားတွေမှာ မပြောမဖြစ် ပြောရမဲ့အကြောင်းအရာတွေက ကျွန်တော်အစောဆုံးက ပြောခဲ့သလို ဇာတ်ကောင်တွေပဲ။ သူ့ရဲ့ဇာတ်ကောင်တွေကို တန်ဖိုးအရမ်းထားတယ်။ Days of Future Past ကြောင့် Alternate timeline ဖြစ်နိုင်ပေမဲ့ Characters တိုင်းရဲ့Destiny တွေကိုတော့ မရှောင်လွှဲခဲ့ပေ။ ထို့အတွက်ကြောင့်လည်း ကျွန်တော် ဒီဇာတ်ကားကို အလွန်နှစ်သက်မိတာဖြစ်နိုင်တယ်။ ကျွန်တော်ဟာ ငယ်ငယ်တုန်းက Captain America တို့Iron Man တို့နဲ့မသိခင်ကတည်းက X-Men ဇာတ်ကားတွေ Batman/ Superman ဇာတ်ကားတွေနဲ့ကြီးလာခဲ့တော့ X-Men ဇာတ်ကောင်တွေဟာ ကျွန်တော့် ဘဝရဲ့အစိပ်အပိုင်းတစ်ခုလိုတောင်ဖြစ်နေခဲ့ပါပြီ။ Charles နဲ့ Magneto တို့ရဲ့လူကြီးဘဝတွေနဲ့ကြီးလာတဲ့ကျွန်တော်တို့သူတို့နှစ်ယောက်ရဲ့လူငယ်ဘဝတွေကို ပြန်လည်မြင်တွေ့ရပြန်တော့လည်း ဝမ်းသာခဲ့ရပြီး ယခု သူတို့နှစ်ယောက်ရဲ့နောက်ဆုံး ငယ်ဘဝတွေကို မြင်ရတာကို သိရတော့ ဝမ်းနည်းသလိုတော့ ဖြစ်မိတယ်။ ဒါပေမဲ့ ရှောင်လွှဲလို့မှ မရတာလေ။
Young Jean Grey တို့Cyclops တို့ Kurt Wagner / Nightcrawler တို့ကို ပြန်မြင်ရတာ Original X-Men Trilogy ကိုပြန်လွမ်းမိသလို Jean Grey ယခုငယ်ဘဝကို သရုပ်ဖော်ပေးခဲ့တဲ့ Sophie Turner ကို ကျွန်တော် တစ်ခြားသရုပ်ဆောင်တွေထက် ပို Credits ပေးတယ်။ Young Erik, Charles, Raven / Mystique, Hank McCoy / Beast တို့လည်း မြင်ရတာ နောက်ဆုံး နှုတ်ဆက်ရသလို ခံစားရပေမဲ့ နောက်ထပ်ဇာတ်ကားတွေ ဆက်ရှိမှာလား မရှိမှာလား ယခုထိ အတိအကျမပြောနိုင်ပေ။ Four Housemen ထဲမှာ ပရိသတ်တိုင်း သတိထားမိမှာကတော့ Olivia Munn ရဲ့ Psylocke ဇာတ်ကောင်ပဲဖြစ်ပြီး သူတို့ပါဝင်တိုင်း ကျွန်တော်နှစ်သက်တာကတော့ Rose Byrne ရဲ့ Moira MacTaggert နဲ့ Evan Peters ရဲ့ Peter Maximoff / Quicksilver တို့နှစ်ယောက်ပဲ။ နောက်ထပ် ကြိုက်တဲ့အချက်တစ်ခုကို ထပ်ပြောရမယ်ဆိုရင် Wolverine ကြီးပါတဲ့ အခန်းပဲ။ ထိုဇာတ်ကောင်ကို ထည့်ထားတဲ့ ဖန်တီးချက်ကိုလည်း ကြိုက်ပြီး ထိုဇာတ်ကောင်ပါဝင်တဲ့ အခန်းကို တင်ပြထားတာကိုလည်း အရမ်းကြိုက်မိတယ်။ ဇာတ်ကောင်တိုင်းရဲ့အတိတ်တွေ အနာဂတ်တွေကို သိနေ ရင်းနှီးနေတဲ့ ကျွန်တော်တို့လို X-Men ပရိသတ်တွေအတွက်ကတော့ ယခုဇာတ်ကားဟာ ရေဆာချိန်မှာ ရေအေးအေးလေး တစ်ဝကြီး လာတိုက်သလိုပါပဲ။
ဒီဇာတ်ကားရဲ့အကောင်းဆုံးဖြစ်တဲ့ နောက်ဆုံးအချက်တစ်ခုက ဇာတ်သိမ်းမှာ ကျွန်တော်တို့ကို စည်းလုံးခြင်းသည် အင်အားဆိုတဲ့ ဆောင်ပုဒ်လေးရဲ့အဓိပ္ပာယ်ကို လေးနက်စွာ ဖွင့်ဆိုပြသသွားခဲ့တယ်။ အားအင် မည်မျှပင် ကြီးမားပါစေ။ အတတ်ပညာတွေ မည်မျှပင် တတ်မြောက်ပါစေ။ သင်ဟာ တစ်ယောက်တည်းဖြစ်နေပါက ကျရှုံးမည်မှာ မလွဲဧကန်ဖြစ်ပြီး ထိုမိမိထက် အလွန်တရာ ခွန်အားကြီးမားလှတဲ့ ရန်သူကို မိမိတို့က စည်းလုံးညီညွတ်ကြပြီး ယှဉ်ပြိုင်တိုက်ခိုက်ပါက အောင်မြင်မည်မှာ လောကရဲ့နိယာမတစ်ခုပဲဖြစ်ကြောင်း ပြသခဲ့တယ်။ ထို နိယာမလေးကို တိုက်ပွဲတွင်သာမက မိမိရဲ့မိသားစု အလုပ်ခွင်နဲ့ဘဝမှာပါ အသုံးချမယ်ဆိုရင်တော့ ကျွန်တော်တို့တွေဟာ အဆုံးမှာ အရာရာကို အနိုင်ရတဲ့ အောင်နိုင်သူတွေ ဖြစ်လာကြမှာ အမှန်ပါ။
ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေနဲ့ငြီးငွေ့နေကြပြီလား? ကျွန်တော့်အတွက်တော့ X-Men: Apocalypse ကို ငြီးငွေ့စရာ အကြောင်းပြချက် ရှာမတွေ့ခဲ့ပါ။ ကျွန်တော်တို့X-Men ရုပ်ရှင်တွေကို ဘာကြောင့် နှစ်သက်ရသလဲဆိုတဲ့ အကြောင်းအရင်းကို ပိုမိုခိုင်မာစေခဲ့တယ်လေ။ လူတစ်ချို့ရဲ့ဝေဖန်မှုတွေကြောင့် ဒီဇာတ်ကားဟာ X-Men Franchise ရဲ့နိဂုံးတစ်ခုတော့ မဖြစ်လာပေါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။
IMDb Rating: 7.5/10 (Currently)
Rotten Tomatoes Rating: 48% (Currently)
~WH~